Greeting


ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….

ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......

သမိုင်း



A village of two countries
Lungwa village
This is Lungwa village of Konyak Naga that is divided by the Indo-Burma border line created in 1914 which passes through the middle of the village road. Right side of the road from the viewer side falls into Burma while the left side falls into India part. The invisible borer line also lies somewhere in the middle of the house of the village Chief (Ahng) dividing it into two parts; his bed room in Burma side and dinning room in the India side. So, he eats in India and sleep in Burma. What a funny thing on earth. 

ကဘော်ချိုမ့်ဝှမ်းနှင့်သမိုင်းမှတ်တမ်း


ကဘော်ချိုင့်ဝှမ်းဒေသဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသမိုင်းမှာ အရေးပါတဲ့အရပ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်တဲ့ကာလတွေကတည်းကစပြီး မဏိပူရ်ပြည်သားတွေနဲ့ သူပိုင်ကိုယ်ပိုင်အပြိုင်လုအငြင်းပွားခဲ့ကြတဲ့ ကဘော်ချိုမ့်ဝှမ်းဒေသဟာဗမာပြည်မြောက်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာတည်ရှိပြီး၊ သမိုင်းအစဉ် အလာအားဖြင့် တိဘက်-ဗမာအနွယ်ဝင်တွေဖြစ်တဲ့ ကူကီး၊ ချင်း၊ နာဂနှင့် ကတူး-ကနန်းလူမျိုးတွေအပါအ၀င်၊ ရှမ်းလူမျိုးအချို့တို့နေထိုင်ရာအရပ်ဖြစ်ပါတယ်။ ကသာခရိုင်အတွင်းက ဗန်းမောက်မြို့နယ်ရွှေကျောင်းရွာအနား မှာမြစ်ဖျားခံတဲ့ မူးမြစ်ဟာ ဒီအရပ် မှာအရေးအပါဆုံးမြစ်ဖြစ်ပြီး အနောက်ဘက်ရှိချင်းတွင်းမြစ် ထဲကိုဆီးဝင် သွားပါတယ်။ ဒီအရပ်ဟာ မူလကတည်းက အထက်ပါလူမျိုးများရဲ့ သမိုင်းဝင်အရပ် ဒေသပဲဖြစ်ပါတယ်။


တောင်ငူခေတ်ဖြစ်တဲ့ ၁၅၅၅-၁၅၅၉ ကာလတွေမှာ ဗမာပြည်မြောက်ပိုင်းနယ်မြေတော်တော်များများဟာ ဗမာဘုရင်လက်အောက်ခံနယ်မြေတွေဖြစ်ခဲ့သလို၊ ကဘော်ချိုမ့်ဝှမ်းဒေသဟာလည်း ဗမာဘုရင်ရဲ့အုပ်ချုပ်မှု အောက်ကို ပထမဆုံးအကြိမ်ကျရောက်ခဲ့ရပါတယ်။ ဒီကာလတွေမတိုင်မီမှာတော့ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပုံစံ စော်ဘွားအုပ်ချုပ်မှု စနစ်တွေနဲ့သာအသီးသီးရှိနေခဲ့ကြတာဖြစ်ပါတယ်။ ၁၈ ရာစုမှာ မဏိပူရ်ပြည် သားတွေ ပြန်လည်မသိမ်းပိုက်ချိန်အထိ၊ ယခုအိန္ဒိယရဲ့မဏိပူရ်ဒေသဟာ ဗမာဘုရင် ကိုအခွန်ဆက်သရတဲ့အခွန်ထမ်းပြည်နယ်တစ်ခုဖြစ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာမှတ်သားဖူးပါတယ်။ 
နောက်ပိုင်းမှာ ဌင်းတို့ က ဗမာဘုရင်ရဲ့နယ်မြေတွေဖြစ်တဲ့ မြောက်ပိုင်းဒေသတွေကိုပါ ၁၇၅၀ ခုနှစ်ဝန်း ကျင်ထိတိုင်မကြာ ခဏဆိုသလို ၀င်ရောက်စီးနင်း တာတွေလုပ်လာတဲ့အခါ၊ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ၁၇၅၆-၁၇၅၈ မှာတော့ မဏိပူရ်အထိပြန်လည် သိမ်းပိုက်ပြီး အခွန်စား ပြည်နယ်အဖြစ်ထားရှိပြန်ပါတယ်။ အဲ့ဒီချိန် ကစပြီး၊ မဏိပူရ်ပြည်နယ်ဟာ ဗမာဘုရင်ကိုပုန်ကန်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေရှိခဲ့ပြီး၊ ၁၈၁၉ ခုနှစ်မှာ တော့ ဘကြီးတော်ဘုရားရဲ့တပ်တွေက အပြီးတိုင်ဝင် ရောက်သိမ်းပိုက်လိုက်ပါတော့တယ်။

ဒီနယ်မြေကို နောင်အခါ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲအပြီး အင်းဝဘုရင်ကိုယ်စားလှယ်တော်ဖြစ်တဲ့ မဟာမင်းလှကျော်ထင်နှင့် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်တော်စစ်ဗိုလ်တွေချုပ်ဆိုခဲ့တဲ့ (၁၈၂၄-၁၈၂၆) န္တပိုစာချုပ်အရ မဏိပူရ်ပြည်နယ်ကို အင်္ဂလိပ်ပိုင်အိန္ဒိယနိုင်ငံထဲပေးလိုက်ရပေမယ့်၊ အင်္ဂလိပ်တွေကတော့ ကဘော်ချိုမ့်ဝှမ်း ဒေသအထိကိုထည့်သွင်းချင်ခဲ့တာပါ။ ဒီချိန်ကစပြီး၊ နှစ်နိုင်ငံနယ်နမိတ်မျဉ်းနှင့် ကဘော်ချိုမ့် ၀ှမ်းဒေသပိုင်ဆိုင်ရေးဟာ အငြင်းပွားစရာ အဖြစ်ကာလအတန်ကြာရှိနေခဲ့ပါတယ်။ ၁၈၃၀ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက ကဘော်ချိုမ့်ဝှမ်းဒေသဟာ သမိုင်းကြောင်းအရ မဏိပူရ် သားတွေနှင့် မပတ်သက်တာကြောင့်၊ ဗမာပြည်ဘက်ကိုထည့်သွင်းကာ နယ်နမိတ်မျဉ်းကိုပါ ပြန်လည်ရေးဆွဲပေးခဲ့ရာက ခုချိန်ထိ မြန်မာပြည်ဘက် မှာရှိနေရတာဖြစ်ပါတယ်။ ဒါကို၊ အချို့က၊ လွတ်လပ်ပြီး အိန္ဒိယနိုင်ငံရဲ့ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ နေရူးက လက်ဆောင်အဖြစ်ဗမာပြည်ကို ပေးခဲ့ဟန် ပြောဆိုနေကြတာတွေ ကြားဖူး ပါတယ်။ သမိုင်းကိုအမြင်မမှားစေဖို့ တင်ပြလိုက်ခြင်းသာဖြစ်ပါသည်။ 

ပတ်လည်ရိုက်နေသောလူမျိုးစုအမည်လေးများ


အ၀တ်အစားကိုအမြဲပြောင်းလဲဝတ်ဆင်ကြသလိုပဲ မြန်မာပြည်မှာ ဘာသာစကားတွေဟာလည်း အမြဲပြောင်း လဲနေကြတယ်။ သမိုင်းကြောင်းတစ်လျှောက်မှာ စကားတစ်ချို့ဟာ အခြားတစ်ခုရဲ့ လွှမ်းမိုးမှုခံရလို့ပဲဖြစ်ဖြစ်၊ လူမျိုးတစ်ခုက ပိုဖွံ့ဖြိုးတဲ့အခြားလူမျိုး တစ်ခုရဲ့စကားကိုအထင်ကြီးရာ ကပဲဖြစ်ဖြစ် ဘာသာစကားတွေဟာ ပြောင်းလဲ ပျောက်ကွယ်သွားတတ်တဲ့သဘာဝတွေရှိခဲ့တယ်။ ဒါကြောင့်၊ လူမျိုးတစ်ခုရဲ့မူလနဲ့ဆိုင်တဲ့အကြောင်း အရာလေးတွေကိုလေ့လာရာမှာ ရောထွေး ရှုပ်ထွေးမှုလေးတွေရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လိုဖြစ်လာတယ် ဆိုတာကို အတည်ပြုပြောဖို့ခက်ပေမယ့်၊ သမိုင်းလေ့လာသူတွေအတွက်အထောက်အကူ ဖြစ်မယ်ထင်တဲ့ အကြောင်း အရာလေးတွေကိုတင်ပြလိုက်ပါတယ်။


အင်္ဂလိပ်တွေအုပ်ချုပ်တဲ့ ၁၉၃၁ ခုနှစ်ဝန်းကျင်ခန့်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံလူမျိုး စုတွေကို အုပ်စုခွဲစာရင်းပြုစုကြရာမှာ ဘာသာစကားအမျိုးအစားနှင့်အုပ်စုဟာ တစ်ခုတည်းသော အခြေခံဖြစ်ခဲ့ပါတယ်။ သို့သော်လည်း၊ ထိုစဉ်က ပြည်နယ်နှင့်တိုင်းဒေသတွေကိုဖွဲ့စည်းရာ မှာတော့ ဘာသာစကားအုပ်စုဆက်စပ်မှု ကိုအခြေမခံပဲ၊ ပထ၀ီအနေအထားနှင့်ဒေသအခြေအနေ အပေါ်မှာ သာ အခြေခံခဲ့တာဖြစ်ပါတယ်။ ဥပမာ၊ ရှမ်းပြည်နယ်မှာဆို လူဦးရေအများဆုံးဖြစ်တဲ့ရှမ်းလူ မျိုးပြီးရင်၊ မတူညီတဲ့ဘာ သာစကားအုပ်စုအနည်းဆုံး မျိုးထဲက မျိုးနွယ်စုခွဲပေါင်း ၃၃ မျိုးနှင့် ရှမ်းလူမျိုးမဟုတ်သူ အခြားတိုင်းရင်းသား တွေလည်းပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အခြား ပြည်နယ်တွေမှာပါ ဒီလိုအခြေအနေတွေရှိနေတာပါ။ ဒါကြောင့်လည်း ဒီချိန်မှာ အဲ့ဒီအုပ်စု ကွဲလူမျိုးစုတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားပြုမှုတွေလိုအပ်လာရတာဖြစ်ပါတယ်။ ထိုစဉ် က အုပ်စုဖွဲ့မှုအရ မြန်မာပြည်မှာ ဘာသာစကားပေါင်း ၁၃၅ မျိုးရှိခဲ့တယ်လို့ဆိုပေမယ့်၊ ယခုအခါ ဒီထက်ပိုပြီးရှိနေတဲ့အတွက် ၁၃၅ မျိုးဟာ ကိုးကားသင့်တဲ့စာရင်းအရေအတွက်မဟုတ်တော့ပါဘူး။   
တစ်ခုထူးခြားတာလေးက၊ တိုင်းရင်းလူမျိုးအချို့ရဲ့အမည်နဲ့ပတ်သက်ပါတယ်။ ဥပမာ၊ ကရင်၊ ကချင်၊ နှင့် ချင်းလူမျိုးတို့ရဲ့ အမည်တွေဟာ ဌင်းတို့က ကိုယ့်ကိုကိုယ်ခေါ်တဲ့အမည်တွေမဟုတ်ပဲ၊ အခြားလူမျိုးတစ်ခုက ခေါ်တဲ့အမည်တွေသာဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ကရင်က ဘကညော၊ ကချင်က ဂျင်းဂ်ဖော (ဂျိမ်းဖော) ချင်းက (လိုင်၊ ဇိုမီး) လို့ခေါ်ကြပါတယ်။ အင်္ဂလိပ်ခေတ်စစ်တမ်းတစ်ခုဖြစ်တဲ့ J.J. Bennison, I.C.S ရဲ့အစီရင်ခံစာမှာတော့ ဒီလူမျိုးသုံး ခုရဲ့အမည်ဟာ ဗမာစကားဖြစ်တဲ့ Kakhyen ဆိုတဲ့အသုံး အနှုန်းကနေ ဆင်းသက်လာခြင်း ဖြစ်နိုင်ကြောင်းသုံးသပ်ထားပါတယ်။ ဗမာလိုဘယ်လိုအသံထွက်တယ်ဆိုတာ ကိုတော့ အတိအကျ မသိပေမယ့်၊ အဲ့ဒီဗမာစကားလုံးရဲ့အဓိပ္ပယ်အားဖြင့် တော့ ယဉ်ကျေးမှုနောက်ကျသူ တောင်ပေါ် သားများ (wild hill tribes) လို့ထွက်ကြောင်းသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့ဒီလူမျိုးတွေ အမည်ရဲ့ အရှေ့ဗျည်းသံကိုဖြုတ်လိုက်ရင် အနောက်စကားလုံးတွေဖြစ်တဲ့ ဗျည်းနှင့်သရတွေ (_yin, _chin_, _chin) ဟာ ဘာသာဗေဒသဘောအရတူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၃ ရာစုမှာ ၀င်ရောက်လာတဲ့ ရှမ်း တွေကို နောင်အခါ ရှေ့သရသံ (သို့မဟုတ် ရပ်သံ)တစ်လုံးတိုးပြီး အဆမ် (Asam) ဆိုပြီး အာသံပြည်မှာ ခေါ်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အငြင်းပွားဖို့မဟုတ်ပဲ၊ အမည် နာမဆိုင်ရာသမိုင်းလေ့လာသူတွေအတွက် သုံးသပ်စရာအဖြစ်တင် ပြလိုက်ခြင်း သာဖြစ်ပါတယ်။  

ရှမ်းဆိုတဲ့အခေါ်အပါအ၀င်အခြားလူမျိုးစုနာမည်တွေဟာလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ရှမ်းတွေက တကယ်တော့ ကိုယ့်ကိုကိုယ် တောင်ပေါ်နေရှမ်းများ လို့အဓိအဓိပ္ပယ်ရတဲ့ တိုင်းလိုင် Tai Loi (သို့မဟုတ်) ခွန်လိုင် Khun Loi လို့ခေါ်ကြောင်းသိရပါတယ်။ ကချင်နှင့်နာဂ တွေကတော့ ရှမ်းတွေကို ရှမ်/ဆန်မ် (Sham/Siam) လို့ခေါ်ပါတယ်။ ရှမ်းတွေကျတော့ ကချင်ကို ခန်းဂ် (Khang) လို့ခေါ်ပြီး နောက်ကျကျန် ရစ်သူလို့အဓိပ္ပယ်ရပါတယ်။  ကချင်က ကျတော့ ချင်းလူမျိုးကို ခန်းဂ် ဆိုတဲ့နာမည်အတိုင်းပဲ ပြန်ခေါ်ပြန်ပါတယ်။ အဓိပ္ပယ် အားဖြင့်လည်းဆင်တူမယ်ထင်ပါတယ်။ ကချင်က လချိတ်ကို လရှီဟူ၍လည်းကောင်း၊ နုန်လူမျိုး က(Nung) ယောရင် (Yawyin) ကို လရှီဟူ၍လည်းကောင်းခေါ်ပါတယ်။ နုန်ကပဲ ရှမ်းကိုကျပြန်တော့ မူဝါ (Muwa) တဲ့။ မူဝါဆိုတာ ကချင်နှင့်နာဂ က တရုတ်ကိုခေါ်တဲ့ နာမည်ဖြစ်နေပြန်ပါတယ်။ ဒီလိုပဲ မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်း သားလူမျိုးတွေရဲ့အမည်တွေဟာ ပတ်လည်ရိုက်ရှုတ်နေတာကိုလေ့လာတွေ့ ရှိရမှာဖြစ်ပါတယ်။ အချို့ဆိုရင် အဲ့လိုနာမည်မျိုးတောင်မရှိတာတွေ့ရပါတယ်။ လူမျိုးစုတစ်ခု ကိုအခြားမျိုးနွယ်စုတစ်ခုက ခေါ်တွင်တဲ့ အမည်တွေမှာ နာမ်နှိမ်တာတို့၊ ချိုးနှိမ်တဲ့သဘော နဲ့ခေါ်တာမျိုးတွေလည်းရှိပါတယ်။ ဥပမာ၊ ဗမာက ယိုးဒယား ကို နာမ်နှိမ်တဲ့သဘောနဲ့ အယုတ်ဒယ လို့ခေါ်တာမျိုးပေါ့။


ဘယ်လိုပဲဖြစ်ဖြစ်၊ အမည်နာမအခေါ်အဝေါ်လေးတွေဟာ သမိုင်းအချိုးကွေ့တစ်နေရာရာမှာ အကြောင်းတစ်မျိုး မျိုးကြောင့်ပေါ်ပေါက်လာတဲ့ အထောက်အထားလေးတွေဖြစ်တာမို့ ပညာရပ် ရှုထောင့်ဘက်ကနေသုံးသပ်လေ့ လာနိုင်မယ်ဆိုရင် လူမူသမိုင်းကိုအကျိုးပြုနိုင်လိမ့်မယ်ထင် ပါတယ်။ 



A Brief Migration History of the Naga People

Naga Warriors 

နာဂလူမျိုးတို့သည် ယခုမြန်မာနိုင်ငံဟုခေါ်သောအရပ်သို့ ရှေးဦးရောက် ရှိနေထိုင်ခဲ့ကြသော ဒေသခံလူမျိုး (Indigenous people) များပင်ဖြစ်ပါ သည်။ ဒေါက်တာသန်းထွန်းအဆိုအရ နာဂအုပ်စုသည် ဘီစီ ၃ ရာစု သို့မဟုတ် ထိုထက်စောစွာ မြန်မာပြည်အရပ်သို့ရောက်ရှိသူများ ဖြစ်ကြောင်းသိရသော်လည်း၊ ဟူးကောင်း လွင်ပြင်ဒေသသို့ရောက်ရှိနေ ထိုင်ချိန်သည် ဘီစီ ၇ နှင့် ၆ ရာစုဝန်းကျင်တွင်ဖြစ်မည်ဟုယူဆရသည်။
 ဌင်းတို့ရောက်ရှိနေထိုင်ခဲ့သောကာလနှင့်ဝင်ရောက်လာရာ လမ်း ကြောင်းအားဖော်ပြရာတွင် သမိုင်းဆရာတို့ကြားညီညွတ်ခြင်းမရှိသည် ကိုတွေ့ရပါသည်။ မည်သို့ဆိုစေ၊ နာဂလူမျိုးများသည် တရုတ်-တိဘက် အုပ်စုဝင် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ကြသောကြောင့်၊ အခြား တိဘက်-မြန်မာအုပ်စုဝင်တို့၏ဘာသာစကားများနှင့်ဆင်တူမှုများရှိသည်မှာ အဆန်းမဟုတ်ပေ။


နာဂလူမျိုးတို့၏သမိုင်းများအရ ဌင်းတို့သည် ယူနန်အရပ်မှဆင်းသက်လာကြသူများဖြစ်သည်ဟုဆိုပြီး၊ မူလ ရောက်ရှိစတွင် မြန်မာပြည်မြောက်ပိုင်းဖြစ်သော ဟူးကောင်းလွင်ပြင်ဒေသ၌နေထိုင်ခဲ့ကြသည်။ မူလ၀င်ရောက် လာကြစဉ်က နာဂလူမျိုးများသည် အလုံးအရင်းဖြင့်ဝင်ရောက် လာကြသည်ဟု ယုံကြည်ရ သည်။ နာဂလူမျိုးတို့၏ သမိုင်းတွင် ဟူးကောင်းလွင်ပြင်မှ မိုင်းခွန်းဒေသနှင့်ချင်းတွင်းမြစ်အတိုင်းဆုန် ဆင်းကာ၊ ဇင်္ဂလိန်း (ယခုခန္တီးမြို့) ဒေသနှင့်၊ မြန်မာနိုင်ငံအပူပိုင်းဒေသများဖြစ်သော အလုံဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ အလုံအရပ် သည် ယခုမုံရွာမြို့၏အထက် ၇ မိုင်ခန့်အကွာ ချင်းတွင်းမြစ် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုသို့ ပြောင်းရွေ့မှု သည် ၁၃ ရာစုတွင် အဟုန်ရှမ်းနှင့်မွန်ဂိုတို့ ဟူးကောင်း လွင်ပြင်ဒေသနှင့်မြန်မာပြည်မြောက်ပိုင်း အရပ်များတွင် စစ်ခင်းကြသောကြောင့်ဟုယူဆပါသည်။ သို့သော် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ဟူးကောင်းလွင်ပြင်ဒေသသည် ပထ၀ီအနေအထားအရ အလွန်အရေးပါသောအရပ်ဒေသဖြစ်သည်။ မြောက် ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများနှင့်ရေခဲဖုံးလွှမ်းနေသည့် ရေခဲတောင်ကြီးများဖြင့် ကာဆီးထား သည့် သဘာဝတံတိုင်းကြီးများကြောင့်လည်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြားတိုက်ရိုက်ဆက်သွယ်ရေးကို နှေင့်နှေးစေ ခဲ့သည်။ ထို့ကြောင့်ပင်ဟူးကောင်းလွင်ပြင်ဒေသသည် နောင်အခါတွင်နှစ်နိုင်ငံဆက်သွယ်ရေး အတွက်အရေးပါ သည့်ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာခဲ့သည်။ သမိုင်းမှတ်တမ်းများအရ အေဒီ ၇ တွင် ဟူးကောင်းလွင်ပြင် ဒေသ၌ တရုတ်-အာရှကုန်သွယ်မှုထွန်းကားခဲ့သည်ဟုသိရသည်။

နာဂတို့သည် ၁၃ ရာစုတွင် မွန်ဂိုတို့သိမ်းပိုက်မှုကြောင့်နန်ချောင်ပြည်ပြိုကွဲပြီးနောက် တောင်ပိုင်းသို့ပြိုဆင်း လာသော နန်ချောင်ရှမ်းတို့နှင့် ဟူးကောင်းအရပ်တွင်ထိပ်တိုက်တွေ့မှုများရှိခဲ့သကဲ့သို့ မြန်မာပြည်အလယ် ပိုင်းတွင်လည်း ဌင်းတို့၏တိုက်ခိုက်သိမ်းပိုက်မှုများကိုကြုံခဲ့ရသည်။ အေဒီ ၈၃၂ ခုနှစ်တွင် နန်ချောင်ရှမ်းတို့ တိုက် သဖြင့် ပျူမြို့တော်ပျက်သုန်းရပြီး ၁၈၃၅ တွင် အခြားသောမြို့ပြနိုင်ငံများပါကျဆုံးခဲ့ရသည်။ မြန်မာပြည် အလယ်ပိုင်းတွင် အင်အားကြီးမားသော ရှမ်းညီနောင်သုံးဦးတို့က မြင်ဆိုင်းပြည်ကြီးအား တည်ထောင် အုပ်ချုပ်ပြီးနောက်တွင် ဒေသအတွင်းစူပါပါဝါမြို့ပြနိုင်ငံတော်ကြီးဖြစ်လာခဲ့ပြီး သက္ကရာဇ် ၁၃၀၀ ခုနှစ်တွင်  မွန်ဂိုတို့နှင့်စစ်ခင်းသည်။ နန်ချောင်အရပ် (ယခုယူနန်နယ်)သည် အေဒီ ရာစုမှ ၁၀ ရာစုအတွင်း အင်အားကြီးမားသော တိုင်းပြည် တစ်ခုဖြစ်လာပြီး မြန်မာ့သမိုင်းတွင် ဂန္ဓာလရာဇ် အဖြစ်ထင် ရှားသည်။

တကောင်းပြည်အား မွန်ဂိုတို့က ၁၂၈၄ ဇန်န၀ါလတွင်သိမ်းပိုက်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းဒေသများ သည် မွန်ဂိုတို့၏လက်အောင်နယ်မြေများဖြစ်ခဲ့ရသည်။ ထိုစစ်ပွဲများကြောင့် နာဂတို့၏မြောက်ပိုင်းနှင့် အနောက် ဘက်တောင်တန်းများသို့ရွေ့ပြောင်းမှုများစတင်ခဲ့သည်ဟုယူဆပါသည်။ နောင်အခါတွင် မွန်ဂို တို့က ယခုအ ထက်မြန်မာပြည်အရပ်ဒေသများအား အုပ်ချုပ်ရေးနယ်မြေသစ်တစ်ရပ်တည်ထောင်ကာ တရုတ်အုပ်ချုပ်ရေး အရာရှိများအားအုပ်ချုပ်စေခဲ့သည်။ ထိုအုပ်ချုပ်ရေးနယ်မြေသစ်ကို တရုတ်တို့က ကျဲန်မိ-အင် ဟုခေါ်ကြောင်း မှတ်သားရပါသည်။ သို့သော်လည်း၊ မြင်ဆိုင်းသားတို့နှင့်ထပ်မံစစ်ခင်းပြီး ဌင်းတို့ တပ်ဆုတ်သည့် ၁၃၀၃ ခုနှစ် ဧပြီလတွင် အဆိုပါ မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေကိုတရားဝင် ဖျက်သိမ်း ပစ်ခဲ့သည်။

မွန်ဂိုတို့နှင့်လည်းကောင်း၊ ရှမ်းတို့နှင့်လည်းကောင်း ထိုကာလများအတွင်း ထိတွေ့မှုများရှိခဲ့သည့် နာဂ တို့သည် စစ်ရေးဆိုင်ရာယဉ်ကျေးမှုနှင့်အတတ်ပညာများကို တတ်မြောက်ခဲ့ဟန်တူသည်။ နာဂရိုးရာ ယဉ်ကျေးမှုတွင် စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုတို့ဖြင့်သာလွှမ်းမိုးထားသည်ကိုတွေ့ရပါသည်။ ယနေ့နာဂ လူမျိုးတို့၏ရိုးရာဦးထုပ် (စစ်ဦးထုပ်) သည် ထိုခေတ်မွန်ဂိုစစ်သူရဲများဆောင်းသည့် ထိပ်ချွန်စစ်ဦးထုပ်နှင့် ဆင်သည်ကိုလည်းလေ့လာ တွေ့ရှိရပါသည်။ ရာစုနှစ်ပေါင်းများစွာပြင်ပ ကမ္ဘာနှင့်ထိတွေ့မှုအလွန်နည်းပါး ခဲ့သော နာဂလူမျိုးများတွင် သေသပ်လှပ၍ အနုပညာမြောက်လှသော လူမှုအသုံးအဆောင်များနှင့်စစ်ရေး အသုံးအဆောင်များတို့ကို ကျွမ်းကျင်စွာပြုလုပ်နိုင်သည့် ပန်းပဲ၊ ပန်းပုပညာနှင့် ယက်ကန်းအတတ်တို့ ရှိနေခြင်းက အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ဌင်းတို့အဘယ်သို့တတ်မြောက်ခဲ့ပါသနည်း။  

နာဂလူမျိုးတို့သည် တောင်ပိုင်းအရပ်များဖြစ်သော အလယ်ပိုင်းဒေသများတွင် ကျောက်ခေတ်နှောင်းပိုင်း ကာလများဖြစ်သော ဘီစီ ၈၀၀၀ နှင့် ၅၀၀၀ ကြားကပင်နေထိုင်ခဲ့ကြပြီး၊ ထိုအရပ်များတွင်ဖြစ်ပေါ်သော နိုင်ငံရေးစစ် ရေးအခြေအနေများကြောင့်၊ ချင်းတွင်းမြစ်အတိုင်းနောက်ပြန်ဆုတ်ကာ သောင်သွတ် (Samsok) အရပ်သို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ သောင်သွတ်အရပ်သည် နာဂလူမျိုးများ တစ်စုတစ်စည်း တည်းအဖြစ်နောက်ဆုံးနေထိုင်ခဲ့ရာအရပ်ဖြစ်သောကြောင့်၊ သမိုင်းကြောင်းအရ အရေးကြီသောမှတ်တိုင် တစ်ခုဖြစ်ပါသည်။ ထိုအရပ်မှ၊ နောင်တွင် အုပ်စုများဖွဲ့၍ အခြားအရပ်ဒေသများသို့ထွက်ခွာခဲ့ကြသည်။ အုပ်စုအများပိုင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိတောင်တန်းများဘက်သို့ထွက်ခွာခဲ့ကြရာမှ ယခုနာဂလင်းဂ်ပြည်နယ်ရှိအရပ်ဒေသ များသို့ရောက်သည်။ ထိုအရပ်မှ အုပ်စုအချို့က နောင်အခါမြန်မာ ပြည်ဘက်ပိုင်းတွင်ကျရောက်သော နာဂ တောင်တန်းများဘက်သို့ အင်္ဂလိပ်တို့မြန်မာပြည်အား မသိမ်းပိုက်မီ ကာလကပင် ပြန်လည်ပြောင်းရွေ့ဝင်ရောက် ခဲ့ကြပြီးယခုချိန်ထိနေထိုင်လျက်ရှိသည်။

ဤသို့နောက်ကြောင်းပြန်ရွေ့ပြောင်းလာမှုကို အချို့က နာဂတို့သည် မူလအားဖြင့်အိန္ဒိယဘက်မှ ပြောင်းရွေ့ လာကြသူများဖြစ်သည်ဟု မှားယွင်းစွာမှတ်ယူကြသူများလည်းရှိသည်။ နာဂလင်းဂ်ပြည်နယ်ရှိ နာဂလူမျိုးတို့၏ ရွေ့ပြောင်းမှုသမိုင်းများသည် ယနေ့ကဘော်ချိုမ့်ဝှမ်းအရပ်နှင့်ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင်သာမြစ်ဖျားခံကြ သည်ကိုလည်းလေ့လာသိရှိရသည်။ မြောက်ပိုင်းနေနာဂလူမျိုးများသမိုင်းတွင် အိန္ဒိယဘက်မှ ၀င်ရောက်လာ သည်ဟူသော သမိုင်းများမရှိသည်ကိုသတိပြုမိပါသည်။ ပြန်လည်ဝင်ရောက် လာသောအုပ်စုဝင်များကို လေရှီးမြို့နယ်ရှိနာဂမျိုးနွယ်စုများနှင့် လဟယ်မြို့နယ်တွင်းရှိနွယ်စုအချို့တို့တွင် တွေ့နိုင်သည်။ အချို့က ထမံသီအရပ်များတွင်အခြေချနေထိုင်ကြသည်။

သောင်သွတ်အရပ်မှ အနောက်ဘက်တောင်တန်းများသို့ထွက်ခွာသွားသူများနှင့်မလိုက်ဘဲ အုပ်စုအချို့က ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ဘက်သို့ထပ်မံဆန်တက်သွားကြပြီး ဇင်္ဂလိန်းအရပ်သို့ရောက်ရှိနေ ထိုင်ကြသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနာဂတောင်တန်းဒေသရှိ ထိုအရပ်ကိုနောင်အခါ ဇင်္ဂလိန်းခန္တီးမြို့ ဟုခေါ်တွင်သည်။ ဤအုပ်စုတို့နှင့်လိုက်ပါခြင်းမရှိဘဲ အချို့ကသောင်သွတ်အရပ်တွင်သာကျန်ရစ်နေ ထိုင်ခဲ့ကြသည်။   နောင်အခါတွင် အနောက်ဘက်မှထပ်မံပြောင်းရွေ့လာသော နာဂမိသားစုအချို့သည် လည်း  ဤအုပ်စုဝင်တို့နှင့် ထပ်မံပေါင်းစည်းနေထိုင်ကာ နောက်ပိုင်းပြောင်းရွေ့လာသူအခြားလူမျိုးစု များအတွင်းရောနှောပျောက်ကွယ် သွားသည်ဟုယုံကြည်ရပါသည်။ ယခုအခါ ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မောင်းခမ်း၊ ကောယား၊ တဇုံးနှင့်အခြား ကျေးရွာအချို့တို့မှ ဒေသခံတို့က ဌင်းတို့သည် မူလအားဖြင့် အနောက်ဘက်တောင်တန်းများပေါ်မှ ဆင်းသက် လာကြသော နာဂလူမျိုးများဖြစ်ကြောင်းကို Upper Chindwin District, vol-A, pg.24 မှာ ဖော်ပြထားသည် ကိုမှတ်သားဖူးပါသည်။ သို့သော်၊ ယခုအခါနာဂ လူမျိုးများအဖြစ်ထိုအရပ်တွင်မတွေ့ရတော့ချေ။

သောင်သွတ်အရပ်မှ နာဂအုပ်စုများဒေသအသီးသီးသို့ရွေ့ပြောင်းရသည့်အကြောင်းအရင်းကို အတိအကျ မသိရှိရသော်လည်း၊ လူဦးရေနှင့်စိုက်ပျိုးမြေမလုံလောက်ခြင်းကြောင့်လည်းကောင်း၊ ဒေသအတွင်းမတည် ငြိမ်မှု ကြောင့်လည်းကောင်း၊ ဖြစ်နိုင်သည်ဟုခန့်မှန်းသည်။ မြောက်ပိုင်းနေတန်ရှန်းနာဂအနွယ်တို့၏ သမိုင်း၌မူ တောင်ပိုင်းအရပ်များမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ပြောင်းရွေ့ကြရခြင်းမှာ တောင်ပိုင်းဒေသများတွင် ရောဂါဘရပေါများခြင်း နှင့်ရာသီဥတုပူပြင်းလွန်းခြင်းတို့ကြောင့်ဖြစ်သည်ဟုဆို သည်။

နိုင်ငံသမိုင်းနှင့်သုသေတနစာစောင်၊ တွဲ-၃ တွင်ဖော်ပြထားသော မှတ်တမ်းများအရ၊ အေဒီ ၇၅၀ တွင် နန်ချောင် ဘုရင် ကိုလိုဖန်း (Ko.Lo.Fen) တပ်များ ဟူးကောင်းလွင်ပြင်ဒေသအားတိုက်ခိုက်ပြန်ရာ ဒေသခံနာဂလူမျိုးများ နှင့် မြောက်ပိုင်းချင်းအုပ်စုများအကြား အနောက်ဘက်ရှိ အာသံအရပ်သို့ ရွေ့ပြောင်းမှုများရှိခဲ့သည်ဟုယုံကြည် ရသည်။


Lake of no Return

ပန်ဆောင်မြို့ရှိနောင်ယန်းအင်း (flickr မှကူးထားထားသည့်ပုံ)
အိနိယနိုင်ငံအရူနာနာချာလ်ပရာဒေ့ရှ်ပြည်နယ်နှင့်မြန်မာနိုင်ငံအနောက်မြောက်ဘက်က နာဂတောင်တန်း ရဲ့မြို့ပေါက်စလေးတစ်ခုဖြစ်တဲ့ ပန်ဆောင်ဆိုတဲ့ နယ်စပ်မြို့လေးမှာ ဒဏ္ဍာရီဆန်ဆန်သမိုင်းတွင်ထင်ရှားတဲ့ နောင်ရန်းအင်းဆိုတာရှိတယ်။ ဒဏ္ဍာရီအရတော့ အဲ့ဒီနောင်ရန်းအင်းအရပ်မှာတစ်ချိန်က ရွာတစ်ရွာ ရှိခဲ့ ဖူးကြောင်း၊ ငါးဟင်းတစ်မျိုးကိုချက်ပြုတ်စားသောက်မိပြီးနောက်မှာ တစ်ရွာလုံးရေထဲ မြှပ်သွားရာက အဖွား အိုနှင့်မြေးမလေးတို့သာလွှတ်မြောက်ခဲ့ကြပြီး၊ အဖွားအိုရဲ့ဝါးတောင်ဝှေးကို ကမ်းစပ်တစ်နေရာ ၀ါးဆစ်ပြောင်းပြန်ထိုးစိုက်ထားခဲ့ရာ ၀ါးပင်ပေါက်လာကာ ထိုဝါးဆစ်ပြောင်းပြန်ပါသော ၀ါးပင်များ နောင်ယန်း အရပ်တွင်ယနေ့တိုင်တွေ့ရကြောင်းဒေသခံတို့က ယုံကြည်ကြပါတယ်။

ဒီအင်းဟာနာဂတောင်တန်းမှာ အထင်ရှားဆုံးအင်းဖြစ်သလို၊ သမိုင်းဝင်လီဒိုလမ်းမကြီးအနီးမှာရှိ တာကြောင့်လည်း သွားလာရလွယ်ကူပါတယ်။ အင်းရဲ့အကျယ်အ၀န်းက၊ အလျား၂ မိုင်နှင့်အနံ တစ်မိုင်ပတ် လည်ခန့်ရှိမယ်ထင်ပါတယ်။ ချင်းပြည်က ရိရေကန်နှင့်ခပ်ဆင်ဆင်ဖြစ်ပေမယ့်၊ သူ့ထက်တော်တော် ကျယ်ပါတယ်။ အင်းပတ်လည်ဟာ လယ်မြေတွေဖြစ်နေပြီး ဒေသခံတွေရဲ့ ကျေးဇူးတော်ဆန်အိုးကြီး လည်းဖြစ်ပါတယ်။ ဒီအရပ်မှာ မိုးစပါးတစ်မျိုးတည်းစိုက်လို့ရတယ်လို့သိရပါတယ်။ လယ်မြေတွေဟာ ဒေသခံတွေစိုက်ပျိုးနိုင်တာထက်ပိုပြီးရှိနေပါတယ်။ မြေလွတ်မြေရိုင်းတွေပေါသလို ရွံ့နွံတောတွေထဲမှာ လည်း တောဝင်တွေတော်တော်လေးပေါပါတယ်။

ဒေသခံတွေအဆိုအရ ဒီရေကန်ကြီးရဲ့အောက်ထဲမှာ ဒုတိယကမ္ဘာ္ဘစစ်ကြီးပြီးတော့ မဟာမိတ်တပ်တွေ တပ်ပြန်ဆုတ်တဲ့အခါ ဌင်းတို့ရဲ့လက်နက်ခဲယမ်းမီးကျောက်တွေအချို့ကို ဒီကန်ကြီးထဲပစ်ချနစ်မြှုပ်ခဲ့ ကြတယ်လို့ဆိုပါတယ်။ ဒါကိုသိတဲ့ဒေသခံနာဂတွေအတွက်တော့ တူးလို့မကုန်တဲ့ရတနာသိုက်တစ်ခုပါပဲ။ အမဲလိုက်ရာမှာလိုအပ်နေတဲ့ယမ်းနှင့်ခဲတွေကို ဒီရေကန်ကြီးထဲကပဲ ဆယ်ယူသုံးစွဲကြတာ ဒီနေ့ထိပါ။ များသောအားဖြင့်တော့ လေယဉ်ပစ်အမြောက်ဆံတွေနှင့်ဗုံးလက်နက်မျိုးတွေဖြစ်ပါတယ်။ ရေမှော်ပင်နှင့်ရွံ့နွံထူထပ်တဲ့အဲ့ဒီကန်ကြီးထဲက လက်နက်ခဲယမ်းတွေဆယ်ယူတဲ့အလုပ်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီအရပ်မှာ ငါးမျိုးကွဲတွေရှိပေမယ့်၊ ကန်ထဲမှာတော့ ငါးတောက်(ငါးကျင်းနဲ့ဆင်တဲ့ငါးတစ်မျိုးတည်းသာ ရှိတာတွေ့ရတယ်။ ဒီငါးကိုစားရင် တောက်ပါတယ်။ သို့ပေမယ့်၊ စားကောင်းတဲ့ ဒေသချက် နည်းလေးတော့ရှိပါတယ်။ ဒီကန်ကြီးရဲ့အရှေ့ဘက်တောင်တန်းကြီးပေါ်မှာတော့၊ သူ့ထက်နည်းနည်းငယ်တဲ့ နောင်ဆိုင်အင်းဆိုတာရှိပါတယ်။ ဒေသခံတွေအပြောအရ နတ်ကြီးတယ်လို့ဆိုပါတယ်။ နောင်ရမ်းအင်း နဲ့နောင်ဆိုင်အင်းတို့ရဲ့အအုပ်အစိုးနဂါးမင်းတွေဟာ မဟာမိတ်တွေဖြစ်ခဲ့ကြတယ်လို့လဲဆိုတယ်။ ကချင်ပြည်မှာရှိတဲ့ အင်းတော်ကြီးရဲ့နဂါးမင်းသမီးကိုနောင်ဆိုင်နဂါးမင်းကခိုးပြေးရာက စစ်ဖြစ်ခဲ့ပြီး နောင်ရန်းအင်းရဲ့စစ်ကူနဲ့အနိုင်ယူနိုင်ခဲ့လို့၊ နောင်ဆိုင်အင်းကို အဲ့ဒီတောင်ပေါ်မှာ ပုန်းခိုစေခဲ့တယ်။ ဒဏ္ဍာရီလာ ထိုစစ်ဖြစ်ရာအရပ်က ကျောက်ခံတပ်ကို လီဒိုလမ်းပေါ်မှာရှိတဲ့ လောက်လိုင်ရွာနှင့်နောင်ရန်း ရွာကြားမှာ ဒီနေ့ထိတွေ့ရတယ်လို့ လဲဒေသခံတွေကပြောပါတယ်။ ခနီးမြို့အထက်မှာရှိတဲ့ ကျောက်ဆည် အရပ်ဟာ နောင်ဆိုင်နဂါးမင်းထွက်ပြေးစဉ်ကပိတ်ထားခဲ့တဲ့ပထမနေရာလို့အဆိုရှိပါတယ်။

နောင်ရန်းအင်းကို အိနိယဘက်မှာတော့ ပြန်လမ်းမရှိတဲ့အင်း (Lake of no Return) လို့လူသိများသလို အာသံလူမျိုးတွေရဲ့သမိုင်းကြောင်းနှင့်ပါဆက်စပ်နေတယ်လို့သိရပါတယ်။ ဒီလိုဆက်စပ်မှုရှိတာဟာ၊ ယခုအာသံပြည်ကိုထူထောင်ခဲ့ကြတဲ့ အဟုန်ရှမ်း(Tai Ahom) တွေ ၁၃ ရာစုမှာ ယခုတရုတ်ပြည်မှာရှိတဲ့ ရှမ်းနိုင်ငံတော် နန်ချောင်ကျဆုံးပြီးချိန်မှာ ရှမ်းအုပ်စုတစ်ခုမြန်မာပြည်မြောက်ပိုင်းဖြစ်တဲ့ နာဂဒေသအပါအ၀င် ဟူးကောင်းဒေသဘက်ကို ရွေ့ပြောင်းလာခဲ့စဉ်က သမိုင်းတွင်ခဲ့တာတွေဖြစ်နိုင် ပါတယ်။ မြောက်ပိုင်းဒေသမှာ ရှမ်းနာမည်ပါတဲ့ အရပ်တွေချောင်းတွေ တော်တော်များများရှိနေတာကိုတွေ့ ရမှာဖြစ်ပါတယ်။

ပတ်ကွိုင်တောင်အားနောင်ယန်းရွာ(သုံးမိုင်)မှမြင်ရပုံ
ဘယ်လိုပဲဖြစ်ဖြစ်၊ စီးပွားရေးရှုထောင့်ဘက်ကပြောရရင်တော့၊ ပန်ဆောင် ဒေသအတွင်းမှာရှိ တဲ့သဘာဝ တရားတွေအပါအ၀င်နာဂယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် သမိုင်းတွေဟာ ဒေသခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုပေးနိုင်မဲ့နေရာဆိုတာအသေအချာပါပဲ။ လက်ရှိအချိန်မှာတော့ နှစ်စဉ်ပွင့်လင်းရာသီတွေမှာ အိနိယနိုင်ငံသားတွေ လာရောက်လည်ပတ်တဲ့နေရာလေးတစ်ခုဖြစ်နေပါတယ်။ ပန်ဆောင်မြို့ရှိစားသောက် ဆိုင်တစ်ခုခုကနေ နေရောင်ကျနေတဲ့နောင်ရန်းအင်းကိုကျော်ဖြတ်ပြီးလှမ်းကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့အမြှင့်ဆုံးတောင်တစ်ခုဖြစ်တဲ့ ပတ်ကွိုင် (Mt.Pakai) တောင်ကြီးကို ခံ့ညားစွာနဲ့တွေ့ရမှာ ဖြစ်ပါတယ်။ နေလုံးကြီးပတ်ကွိုင်တောင်နောက်ရောက်သွားချိန်ဟာ ပန်ဆောင်တစ်မြို့လုံးအမှောင် ကျချိန်ပါပဲ။


လီဒိုလမ်းနှင့်သူတို့ဘဝ

ရှင်ဘွေယံ-နန်းယွန်းကြားရှိလီဒိုလမ်းပိုင်းတစ်နေရာ

ဒုတိယကမ္ဘာစစ်ကာလတွေဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကိုဝင်သိမ်းပြီးတဲ့နောက် တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီးစတင်ခဲ့ပြီး၊ ၁၉၃၇ မှာတော့ စစ်ဟာပိုမိုအရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများကို ဂျပန်ကသိမ်းယူနိုင်ခဲ့တာကြောင့် တရုတ်တပ်မတော်အတွက် လိုအပ်နေတဲ့စစ် အထောက်အပံ့တွေကို ပေးပို့ရာမှာ အဟန့်အတားတွေဖြစ်နေခဲ့တယ်။  ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိးမြို့ ကိုဆက်သွယ်တဲ့ရထားလမ်းတစ်ခုကို တရုတ်အလုပ်သမားတွေနှင့် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိး-ရန်ကုန်ရထားလမ်းရှိနေ တာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း၊ ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကိုဝင်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကိုထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကိုဆက်သွယ်နိုင်မယ့် လမ်းသစ်ဖောက်လုပ်ဖို့ကို အကြံ ပြုခဲ့ကြရာက လီဒိုလမ်းဆောက်လုပ်ရေးကြီးပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန်စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ် က ဒီလမ်းဆောက်လုပ်ရေးကိုကွပ်ကဲခဲ့ရတယ်။ ရန်ကုန်ကအထောက်အပံ့တွေရပ် ဆိုင်းသွားတာကြောင့်၊ အစီအစဉ် အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့် ဘုံဘေမှာရှိနေတဲ့ စစ်အထောက် အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်းတင်ပို့ပေးနိုင် ဖို့ဖြစ်ပါ တယ်။ နဂိုလမ်းမရှိရာ (ရှမ်းပြည်မှာရှိတဲ့)မုံယူလမ်းဆုံအထိ ၄၆၅ မိုင်ရှည်တဲ့လီဒိုလမ်းဆောက် လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမ ကြီးလို့ခေါ်ပါတယ်။
ဗမာပြည်လမ်းပိုင်းကိုဖောက်လုပ်ကြစဉ်က
ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း ၆၀၀ ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိဆက်သွယ်ထားတဲ့ဗမာပြည်လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကိုဂုဏ်ပြု တဲ့အနေနဲ့ စတီးဝဲလ်လမ်းမကြီးလို့အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့လူသိများလာကြပါတယ်။

အဲ့ဒီစတီးဝဲလ်လမ်းမကြီးဟာ ဗမာပြည်အပိုင်းမှာ အနောက်မြောက်ပိုင်းက နာဂဒေသတွေဖြစ်တဲ့ ပန်ဆောင်မြို့၊ နန်းယွန်းမြို့နှင့်ရှင်ဘွေယံမြို့တွေကိုဖြတ်သွားပြီး၊ ကချင်ပြည်နယ်ထဲမှာတော့ တနိုင်းမြို့ ကနေတဆင့် မြစ်ကြီးနား၊ စတဲ့မြို့ကြီးတွေကိုပါ ဖြတ်သွားပါတယ်။ ဟူးကောင်းလွင်ပြင်ဒေသ ရဲ့အလယ်ဗဟိုကနေဖြတ်သွား တဲ့လမ်းမကြီးပါ။ နောင်မှာ ဒီဒေသတွေရဲ့ဖွံ့ဖြိုးအရေးအတွက် အရေးပါတဲ့ လမ်းမကြီးဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက၊ နှစ်ပေါင်းခြောက်ဆယ်ကျော်အထိ မွမ်းမံမှုမ ရှိပဲ တိမ်ကောနေတဲ့ အဲ့ဒီလမ်းမကြီး ဟာ ခုတော့ အိန္ဒိယ-မြန်မာ-တရုတ်သုံးနိုင်ငံကို ဆက်သွယ်နိုင်မယ့် ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုအဖြစ် မကြာခင်မှာ ပေါ်လာတော့မှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှာရှိတဲ့ နန်ပေါင်မြို့မှာ ကျင်းပတဲ့ ၂၀၁၀ နာဂပွဲတော် တစ်ခုသွားတက်တုန်း၊ နယ်စပ်ကျောက် တိုင်နားအထိအိန္ဒိယ အစိုးရဘက်က ကတ္တရာလမ်းခင်းထားတဲ့ပြုပြင်မှု တွေကိုတွေ့ခဲ့ရပါတယ်။

မြန်မာပြည်ဘက်လမ်းပိုင်းမှာတော့ မြစ်ကြီးနားကနေ တနိုင်းလောက်ထိသာ မြေသားညှိထားတဲ့ပြုပြင် မှုတွေကို တွေ့ရပြီး ဆက်လက်မွမ်းမံသွားမယ့် အနေအထားတွေ လည်းတွေ့နေရ ပါတယ်။ ဒီလမ်းကို ပြုပြင်မွမ်းမံဖို့ ခုတော့ တရုတ်ကုမ္ပဏီတစ်ခုနှင့် ယုဇနကုမ္ပဏီတို့ကို အစိုးရက လုပ်ကိုင်ခွင့် တင်တာတွေ ချပေးလိုက်တာကြောင့် ဒီလမ်းဟာမကြာခင် ပြန်လည်အသက်ဝင်လာတော့မယ်လို့ယူဆရပါတယ်။ ဒီလမ်းပြန်လည်အသက်ဝင် လာခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးရေးကိုပါအထောက်အကူပြုနိုင်လိမ့်မယ်လို့ လည်းမျှော်လင့်ရပါတယ်။ ဒါပေမယ့် လည်း၊ ရာစုနှစ်နှစ်ခုစာလောက်နောက်ကျကျန်နေသေးတဲ့ ဒေသခံ နာဂလူမျိုးတွေနှင့် ကချင်လူမျိုးတွေအတွက် တော့ အဲ့ဒီလမ်းမကြီးကနေပေါ်ပေါက်လာမယ့် ဖွံ့ဖြိုးရေးဆိုတာကြီးကို စိန်ခေါ်မှုမျိုးစုံနှင့်ရင်ဆိုင်ကြရ အုံးမှာမို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ကာလတွေ ကို ဖြတ်ကျော်ကြရအုံးမှာအသေအချာပါပဲဗျာ။ 


No comments:

Post a Comment