Greeting


ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….

ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......

Wednesday, January 12, 2011

Naga new year festival begins in Lahe


ဒီနေ့ကစပြီး စစ်ကိုင်းတိုင်း နာဂတောင်တန်းမှာရှိတဲ့ လဟယ်မြို့လေးမှာ နာဂတစ်မျိုးသားလုံးရဲ့ဘုံ ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးပွဲတော်ကြီးကိုစတင်ကျင်းပနေပါတယ်။ ဘုံလို့ပြောရတာက၊ ဒီပွဲတော်ဟာ ရိုးရာအစဉ်အလာအားဖြင့် နာဂမျိုးနွယ်စုအသီးသီးဟာ မိမိတို့သက်ဆိုင်ရာအရပ်ဒေသတွေမှာ သီးခြားစီကျင်းပခဲ့ကြရာက၊ နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီပေါ်ပေါက်ပြီးမကြာမီနှစ်အနည်းငယ်ဖြစ်တဲ့ ၁၉၉၃-၄ လောက်ကစပြီး နာဂတစ်မျိုးသားလုံးရဲ့စည်းလုံးမှုနှင့်အမျိုးသားရေးအရ ပေါင်းစည်းညီညွတ်ရေးကိုရည်ရွယ်လျက် ခုလိုဘုံပွဲတော်ကို နာဂခေါင်းဆောင်တွေဆွေးနွေးအတည်ပြုခဲ့ကြရာက ဇန်န၀ါလ ၁၅ ရက်နေ့ကို သဘောတူ ရွေးချယ်သတ်မှတ်ခဲ့ကြပါတယ်။ နာဂရိုးရာဘုံဝတ်စုံနှင့်နာဂရိုးရာကွင်းတို့အတည်တကျပေါ်ပေါက်လာခြင်းဟာလည်း အဲ့ဒီဆွေးနွေးချက်တွေရဲ့နောက်ဆက်တွဲ အချက်တွေဖြစ်ခဲ့ပါတယ်။ ပထမဆုံး နာဂရိုးရာယဉ်ကျေးမှု ဘုံပွဲတော်ကို ခန္တီးမြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသလို၊ နှစ်အတန်ကြာအထိကျင်းပခဲ့ပါတယ်။

နာဂလူမျိုးတွေရဲ့ရိုးရာအစဉ်အလာအရ နှစ်တစ်နှစ်ကို တောင်ယာခုတ်တဲ့နှစ်နဲ့သတ်မှတ်ပြီး၊ လတွေကိုတော့ လဆန်း၊ လဆုတ် နဲ့သတ်မှတ်သလို၊ ရာသီကာတွေနဲ့လည်းသတ်မှတ်ကြပါတယ်။ ဒါကြောင့်၊ တောင်ယာခုတ်နှစ်တစ်နှစ်ပြီးသွားပြီး နောက်ထပ်တောင်ယာအသစ်တစ်ခုမခုတ်မီ စပ်ကြားမှာ နောင်လာမယ့် တောင်ယာလုပ်ငန်းတွေအောင်မြင်ထွန်းကားစေနိုင်ဖို့အတွက် ရည်ရွယ်ပြီးရိုးရာနတ်၊ တောင်ယာနတ်၊ စသည်ဖြင့် သက်ဆိုင်ရာနတ်တွေကို ပူဇော်ပသပြီး ပွဲတော်တွေလုပ်ကြပါတယ်။ ဒီလိုလုပ်တဲ့ပွဲတော်ကို နောင်မှာ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အဖြစ်အမည်တွင်ခဲ့ကြပါတယ်။ ဒါဟာ၊ ကျေးဇူးတော်ချီးမွမ်းပွဲနှင့်မတူပါဘူး။ နာဂမှာ ကျေးဇူးတော်ချီးမွမ်းပွဲဆိုတာလည်းရှိပါတယ်။ ဒီပွဲကတော့၊ တောင်ယာတွေခုတ်ပြီးနောက် ဆန်ပါးသီးနှံတွေစတင်ရင့်မည့်လာတဲ့အခါ အဦးသီးနှံတွေကိုရိတ်သိမ်းပြီး၊ ဒီလိုသီးနှံတွေအောင်မြင်တဲ့အတွက် သက်ဆိုင်ရာနတ်တွေကို ပွဲတော်လုပ်ပြီးကျေးဇူးတင်ကြောင်းပူဇော်ပသကျင်းပကြတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲကို အချို့က ကောက်သစ်စားပွဲလို့လည်းခေါ်ကြပါတယ်။ ဒါက နှစ်သစ်ကူးပွဲတော်နောက်မှကျင်းပလေ့ရှိတာပါ။

တကယ်တမ်းကျတော့၊ နာဂလူမျိုးတွေမှာ ပွဲတော်ဆိုတာ လစဉ်ဆိုသလိုရှိနေပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ခုချိန်မှာ ပွဲတော်အချို့ကိုသာကျင်းပနိုင်ကြပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကတော့ အကြီးဆုံးနှင့် အထင်ရှားဆုံးပွဲတော်ကြီးပါပဲ။ ကောက်သစ်စားပွဲကိုတော့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနေဆဲဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ကို မနှစ်ကတော့၊ နန်းယွန်းမြို့မှာကျင်းပခဲ့ပါတယ်။ ဒီနှစ်သစ်ကူးပွဲတော်ကို နာဂမျိုးနွယ်စုအလိုက်ခေါ်ဆိုပုံတွေမတူပါဘူး။ ဘုံပွဲတော်ကို ခန္တီးမြို့မှာကျင်းပခဲ့တုံးကတော့ ၀ီဟူးပွဲတော်လို့ခေါ်ပြီး၊ တန်ရှန်းနာဂမျိုးနွယ်စုရဲ့အသုံးအနှုန်းဖြစ်ပါတယ်။ လဟယ်မှာကျင်းပတဲ့အခါတော့၊ ဒီပွဲတော်ကို ကိုင်ဗွီး ပွဲတော်လို့ လိုင်းနောင်စကားနဲ့ခေါ်ပါတယ်။

နာဂရိုးရာအစဉ်အလာအရတော့၊ ခေါင်ရည်နှင့်ကျွဲသား၊ နွားနောက်သားဟင်းလျှာတွေဟာ ပွဲတော်တိုင်းရဲ့အဓိကအစားအစာတွေဖြစ်ပါတယ်။ နာဂအစားအစာနှင့်ပါတ်သက်ပြီးပြောရရင်၊ နာဂမှာ ပိန်းဥဟင်းလျှာကို ကန်ဇင်းသီး(ဒေသဟင်းခတ်အမွှေးအကြိုင်တစ်မျိုး) ရွက် (သို့မဟုတ်အသီး)နဲ့ရောချက်ထားတဲ့ဟင်းရည်ဟာ သောက်သူလျှာလည်သွားစေနိုင်လောက်အောင်အရသာရှိသလို၊ ဆတ်သားခြောက်ကို ကန်ဇင်းသီးခြောက်နှင့်ရောထောင်းထားတဲ့ ငရုတ်သီးထောင်းကတော့ စားဖူးသူတိုင်းမမေ့နိုင်မယ့်ဟင်းလျှာတွေပါပဲ။ နာဂအစားအစာတွေဟာ ပုံမှန်အားဖြင့် ငရုတ်သီးတော်တော်စပ်လေ့ရှိတတ်တာကြောင့် ဧည့်သည်တွေအတွက် အခက်တွေ့လေ့ရှိပါတယ်။

No comments:

Post a Comment