Greeting


ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….

ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......

Friday, January 21, 2011

မိခင်များနေ့


မြန်မာနိုင်ငံမှာမိခင်များနေ့ကို ခရစ်ယာန်အသင်းတော်တွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကပင် မိခင် များနေ့ဝတ်ပြုကိုးကွယ်ခြင်းဆိုပြီးနှစ်စဉ် မေလရဲ့ ဒုတိယပတ်ဥပုဒ်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ဟာ၊ အခြေခံအားဖြင့် အသင်းတော်တွင်းမှာရှိတဲ့ မိခင်တွေအားလုံးကို ဂုဏ်ပြုကျင်းပလေ့ရှိတာဖြစ်သလို၊ ဇွန်လ တတိယပတ်ဥပုဒ်နေ့ကိုတော့ ဖခင်များနေ့ဆိုပြီးသတ်မှတ်ထားကြပါတယ်။

ဒီတော့၊ မိခင်များနေ့ပေါ်ပေါက်လာရတဲ့သမိုင်းလေးကိုပြောဖို့လိုလာပါပြီ။ ဒီနေ့ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး၊ ကွဲပြားတဲ့ထင်မြင်ချက်တွေ ရှိကြပေမယ့်၊ ပထမဦးဆုံးသော မိခင်နေ့ကိုတော့ ဂရိနိုင်ငံမှာစ တင်ခဲ့ တာဖြစ်ပါတယ်။ ရှေးခေတ်ဂရိနတ်ဘုရား များရဲ့မိခင်ဖြစ်သူ ရေအာ (Rhea) ကိုဂုဏ်ပြုပူဇော် ဖို့ကျင်းပခဲ့ကြ တာဖြစ်ပါတယ်။ နောင်အခါ၊ အင်္ဂလန်နိုင်ငံမှာ ၁၇ ရာစုလောက်ကစပြီး မိခင်တွေကိုဂုဏ်ပြု တဲ့အနေနဲ့ မိခင်များနေ့ (သို့မဟုတ်) မိခင်များ ဥပုဒ်နေ့ ဆိုပြီးစတင်ကျင်းပလာခဲ့ ကြတယ်။

အမေရိကမှာတော့၊ ၁၈၇၇ ခုနှစ်မှာ Ms. Julia Ward Howe နှင့် Ms.Anna Jarvis ဆိုသူတို့က မိခင်များနေ့ ကျင်းပဖို့အကြံပြုခဲ့ကြပြီး၊ အမေရိကန်သမ္မWoodrow Wilson က ၁၉၁၄ ခုနှစ်မေလ ၈ရက်နေ့မှာ လက်မှတ်ထိုးအတည်ပြုပေးခဲ့ရာက နောင်မှာ မေလ ဒုတိယပတ်ဥပုဒ်နေ့ကို သတ်မှတ်ပြီး က၀န်း ကျင်းပလာခဲ့တာ ဒီနေ့ထိပဲဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အပြီး၊ ငြိမ်းချမ်းရေး ကိုအထိမ်းအမှတ် ပြုတဲ့အနေနဲ့ကျင်းပဖို့အကြံရခဲ့ရာကစတင်ခဲ့ တယ်လို့မှတ်သားဖူးပါတယ်။ ပထမဆုံး မိခင်များနေ့ဥပုဒ်နေ့ကို မီရှီဂန်က Albion အရပ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲစတင်ခဲ့သည်ဖြစ်စေ၊ မိခင်တွေဟာ ဂုဏ်ပြုထိုက်သူတွေ ဖြစ်တာမို့ မွန်မြတ်ယဉ်ကျေးတဲ့ လုပ်ဆောင်မှုတစ်ခုလို့ဆိုရမှာပါ။ မိမိတို့ရှင်သန်နေထိုင်တဲ့အသိုက်အမြှုံလေးမှာ ဘယ်လိုအခက် အခဲတွေ ရှိနေပါစေ..နွေးထွေးမှုပေးနိုင်တဲ့မေတ္တာရှင်တွေပဲ မဟုတ်ပါလား။ မြန်မာပြည်မှာတော့၊ စာရေးဆရာကြီး ဦးသုခက မိခင်များနေ့ကိုမိတ်ဆက်ရေးသားခဲ့ရာကနေ အသင်းတော်ပြင်ပ အသိုင်းဝိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လူသိများလာရာက မကြာသေးမီနှစ်တွေကစပြီး အမေများနေ့ဆိုပြီး စတင်အသိ အမှတ် ပြုကျင်းပလာကြာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း၊ အသင်းတော်အတွင်းမှာကျင်းပတဲ့ ကာလနှင့် အသင်းတော်ပြင်ပအသိုင်းအ၀ိုင်းတွေ ကြား မှာကျင်းပတဲ့ ရက်ကာလတွေတော့ မတူကြတာတွေ့ရပါတယ်။ ခုလိုတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာတာကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။ နောင်အခါမှာ ဖခင်များနေ့ကိုပါ လူသိများလာပြီး ကျင်းပနိုင်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။

Sunday, January 16, 2011

လီဒိုလမ်းနှင့်သူတို့ဘဝ

ရှင်ဘွေယံ-နန်းယွန်း လီဒိုလမ်းပိုင်းတစ်နေရာ

ဒုတိယကမ္ဘာစစ်ကာလတွေဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကိုဝင်သိမ်းပြီးတဲ့နောက် တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီးစတင်ခဲ့ပြီး၊ ၁၉၃၇ မှာတော့ စစ်ဟာပိုမိုအရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း တော်တော်များများကို ဂျပန်ကသိမ်းယူနိုင်ခဲ့တာကြောင့် တရုတ်တပ်မတော်အတွက် လိုအပ်နေတဲ့စစ် အထောက်အပံ့တွေကို ပေးပို့ရာမှာ အဟန့်အတားတွေဖြစ်နေခဲ့တယ်။ ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိးမြို့ ကိုဆက်သွယ်တဲ့ရထားလမ်းတစ်ခုကို တရုတ်အလုပ်သမားတွေနှင့်စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိး-ရန်ကုန်ရထားလမ်းရှိနေ တာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း၊ ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကိုဝင်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကိုထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကိုဆက်သွယ်နိုင်မယ့် လမ်းသစ်ဖောက်လုပ်ဖို့ကို အကြံ ပြုခဲ့ကြရာက လီဒိုလမ်းဆောက်လုပ်ရေးကြီးပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန်စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ် က ဒီလမ်းဆောက်လုပ်ရေးကိုကွပ်ကဲခဲ့ရတယ်။ ရန်ကုန်ကအထောက်အပံ့တွေရပ်ဆိုင်းသွားတာကြောင့်၊ အစီအစဉ် အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့်ဘုံဘေမှာရှိနေတဲ့ စစ်အထောက်အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်းတင်ပို့ပေးနိုင်ဖို့ဖြစ်ပါတယ်။ နဂိုလမ်းမရှိရာ (ရှမ်းပြည်မှာရှိတဲ့)မုံယူလမ်းဆုံအထိ ၄၆၅ မိုင်ရှည်တဲ့လီဒိုလမ်းဆောက်လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမ ကြီးလို့ခေါ်ပါတယ်။

ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း ၆၀၀ ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိဆက်သွယ်ထားတဲ့ဗမာပြည်လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကိုဂုဏ်ပြု တဲ့အနေနဲ့ စတီးဝဲလ်လမ်းမကြီးလို့အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့လူသိများလာကြပါတယ်။

ဗမာပြည်လမ်းပိုင်းကိုတည်ဆောက်ကြစဉ်က
အဲ့ဒီစတီးဝဲလ်လမ်းမကြီးဟာ ဗမာပြည်အပိုင်းမှာ အနောက်မြောက်ပိုင်းက နာဂဒေသတွေဖြစ်တဲ့ ပန်ဆောင်မြို့၊ နန်းယွန်းမြို့နှင့်ရှင်ဘွေယံမြို့တွေကိုဖြတ်သွားပြီး၊ ကချင်ပြည်နယ်ထဲမှာတော့ တနိုင်းမြို့ကနေတဆင့် မြစ်ကြီးနား၊ စတဲ့မြို့ကြီးတွေကိုပါ ဖြတ်သွားပါတယ်။ ဟူးကောင်းလွင်ပြင်ဒေသရဲ့အလယ်ဗဟိုကနေဖြတ်သွား တဲ့လမ်းမကြီးပါ။ နောင်မှာ ဒီဒေသတွေရဲ့ဖွံ့ဖြိုးအရေးအတွက်အရေးပါတဲ့လမ်းမကြီးဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက၊ နှစ်ပေါင်းခြောက်ဆယ်ကျော်အထိ မွမ်းမံမှုမရှိပဲ တိမ်ကောနေတဲ့ အဲ့ဒီလမ်းမကြီး ဟာ ခုတော့ အိန္ဒိယ-မြန်မာ-တရုတ်သုံးနိုင်ငံကိုဆက်သွယ်နိုင်မယ့် ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုအဖြစ် မကြာခင်မှာ ပေါ်လာတော့မှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှာရှိတဲ့ နန်ပေါင်မြို့မှာ ကျင်းပတဲ့ ၂၀၁၀ နာဂပွဲတော် တစ်ခုသွားတက်တုန်း၊ နယ်စပ်ကျောက်တိုင်နားအထိအိန္ဒိယအစိုးရဘက်က ကတ္တရာလမ်းခင်းထားတဲ့ပြုပြင်မှု တွေကိုတွေ့ခဲ့ရပါတယ်။

မြန်မာပြည်ဘက်လမ်းပိုင်းမှာတော့ မြစ်ကြီးနားကနေ တနိုင်းလောက်ထိသာ မြေသားညှိထားတဲ့ပြုပြင်မှုတွေကို တွေ့ရပြီး ဆက်လက်မွမ်းမံသွားမယ့်အနေအထားတွေလည်းတွေ့နေရပါတယ်။ ဒီလမ်းကိုပြုပြင်မွမ်းမံဖို့ ခုတော့ တရုတ်ကုမ္ပဏီတစ်ခုနှင့် ယုဇနကုမ္ပဏီတို့ကို အစိုးရက လုပ်ကိုင်ခွင့်တင်တာတွေချပေးလိုက်တာကြောင့် ဒီလမ်းဟာမကြာခင် ပြန်လည်အသက်ဝင်လာတော့မယ်လို့ယူဆရပါတယ်။ ဒီလမ်းပြန်လည်အသက်ဝင် လာခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးရေးကိုပါအထောက်အကူပြုနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။ ဒါပေမယ့် လည်း၊ ရာစုနှစ်နှစ်ခုစာလောက်နောက်ကျကျန်နေသေးတဲ့ ဒေသခံနာဂလူမျိုးတွေနှင့် ကချင်လူမျိုးတွေအတွက် တော့ အဲ့ဒီလမ်းမကြီးကနေပေါ်ပေါက်လာမယ့် ဖွံ့ဖြိုးရေးဆိုတာကြီးကို စိန်ခေါ်မှုမျိုးစုံနှင့်ရင်ဆိုင်ကြရ အုံးမှာမို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ကာလတွေကိုဖြတ်ကျော်ကြရအုံးမှာအသေအချာပါပဲဗျာ။