Lungwa village |
Shu Maung
Exploring the hidden world
Greeting
ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….
ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......
Sunday, February 6, 2011
A village of two countries
Monday, January 31, 2011
ကဘော်ချိုမ့်ဝှမ်းနှင့်သမိုင်းမှတ်တမ်း
ကဘော်ချိုင့်ဝှမ်းဒေသဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသမိုင်းမှာ အရေးပါတဲ့အရပ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်တဲ့ကာလတွေကတည်းကစပြီး မဏိပူရ်ပြည်သားတွေနဲ့ သူပိုင်ကိုယ်ပိုင်အပြိုင်လုအငြင်းပွားခဲ့ကြတဲ့ ကဘော်ချိုမ့်ဝှမ်းဒေသဟာဗမာပြည်မြောက်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာတည်ရှိပြီး၊ သမိုင်းအစဉ် အလာအားဖြင့် တိဘက်-ဗမာအနွယ်ဝင်တွေဖြစ်တဲ့ ကူကီး၊ ချင်း၊ နာဂနှင့် ကတူး-ကနန်း လူမျိုးတွေအပါအ၀င်၊ ရှမ်းလူမျိုးအချို့တို့နေထိုင်ရာအရပ်ဖြစ်ပါတယ်။ ကသာခရိုင်အတွင်းက ဗန်းမောက် မြို့နယ်ရွှေကျောင်းရွာအနား မှာမြစ်ဖျားခံတဲ့ မူးမြစ်ဟာ ဒီအရပ် မှာအရေးအပါဆုံးမြစ်ဖြစ်ပြီး အနောက်ဘက် ရှိချင်းတွင်းမြစ် ထဲကိုဆီးဝင် သွားပါတယ်။ ဒီအရပ်ဟာ မူလကတည်းက အထက်ပါ လူမျိုးများရဲ့ သမိုင်းဝင် အရပ် ဒေသပဲဖြစ်ပါတယ်။
တောင်ငူခေတ်ဖြစ်တဲ့ ၁၅၅၅-၁၅၅၉ ကာလတွေမှာ ဗမာပြည်မြောက်ပိုင်းနယ်မြေတော်တော်များများဟာ ဗမာဘုရင်လက်အောက်ခံနယ်မြေတွေဖြစ်ခဲ့သလို၊ ကဘော်ချိုမ့်ဝှမ်းဒေသဟာလည်း ဗမာဘုရင်ရဲ့အုပ်ချုပ်မှု အောက်ကို ပထမဆုံးအကြိမ်ကျရောက်ခဲ့ရပါတယ်။ ဒီကာလတွေမတိုင်မီမှာတော့ သက်ဆိုင်ရာ လူမျိုးစုတွေ ရဲ့ ကိုယ်ပိုင်ပုံစံ စော်ဘွားအုပ်ချုပ်မှုစနစ်တွေနဲ့သာအသီးသီးရှိနေခဲ့ကြတာဖြစ်ပါတယ်။ ၁၈ ရာစုမှာ မဏိပူရ်ပြည်သားတွေ ပြန်လည်မသိမ်းပိုက်ချိန်အထိ၊ ယခုအိန္ဒိယရဲ့မဏိပူရ်ဒေသဟာ ဗမာဘုရင်ကို အခွန် ဆက်သရတဲ့အခွန်ထမ်းပြည်နယ်တစ်ခုဖြစ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာမှတ်သားဖူးပါတယ်။
နောက်ပိုင်းမှာ ဌင်းတို့ က ဗမာဘုရင်ရဲ့နယ်မြေတွေဖြစ်တဲ့ မြောက်ပိုင်းဒေသတွေကိုပါ ၁၇၅၀ ခုနှစ် ၀န်းကျင်ထိတိုင်မကြာ ခဏဆို သလို ၀င်ရောက်စီးနင်း တာတွေလုပ်လာတဲ့အခါ၊ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ၁၇၅၆-၁၇၅၈ မှာတော့ မဏိပူရ်အထိပြန်လည် သိမ်းပိုက်ပြီး အခွန်စား ပြည်နယ်အဖြစ်ထားရှိပြန်ပါတယ်။ အဲ့ဒီချိန် ကစပြီး၊ မဏိပူရ်ပြည်နယ်ဟာ ဗမာဘုရင်ကိုပုန်ကန်တဲ့ တော် လှန်ရေးလှုပ်ရှားမှုတွေရှိခဲ့ပြီး၊ ၁၈၁၉ ခုနှစ်မှာ တော့ ဘကြီးတော်ဘုရားရဲ့တပ်တွေက အပြီးတိုင်ဝင် ရောက် သိမ်းပိုက်လိုက်ပါတော့တယ်။
ဒီနယ်မြေကို နောင်အခါ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲအပြီး အင်းဝဘုရင်ကိုယ်စားလှယ်တော်ဖြစ်တဲ့ မဟာမင်းလှကျော်ထင်နှင့် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်တော်စစ်ဗိုလ်တွေချုပ်ဆိုခဲ့တဲ့ (၁၈၂၄-၁၈၂၆) ရန္တပိုစာချုပ်အရ မဏိပူရ်ပြည်နယ်ကို အင်္ဂလိပ်ပိုင်အိန္ဒိယနိုင်ငံထဲပေးလိုက်ရပေမယ့်၊ အင်္ဂလိပ်တွေကတော့ ကဘော်ချိုမ့်ဝှမ်း ဒေသအထိကိုထည့်သွင်းချင်ခဲ့တာပါ။ ဒီချိန်ကစပြီး၊ နှစ်နိုင်ငံနယ်နမိတ်မျဉ်းနှင့် ကဘော်ချိုမ့် ၀ှမ်းဒေသပိုင်ဆိုင်ရေးဟာ အငြင်းပွားစရာ အဖြစ်ကာလအတန်ကြာရှိနေခဲ့ပါတယ်။ ၁၈၃၀ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက ကဘော်ချိုမ့်ဝှမ်းဒေသဟာ သမိုင်းကြောင်းအရ မဏိပူရ် သားတွေနှင့်မပတ်သက်တာကြောင့်၊ ဗမာပြည်ဘက်ကိုထည့်သွင်းကာ နယ်နမိတ်မျဉ်းကိုပါ ပြန်လည်ရေး ဆွဲပေးခဲ့ရာက ခုချိန်ထိ မြန်မာပြည်ဘက် မှာရှိနေရတာဖြစ်ပါတယ်။ ဒါကို၊ အချို့က၊ လွတ်လပ်ပြီး အိန္ဒိယနိုင်ငံရဲ့ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ နေရူးက လက်ဆောင်အဖြစ်ဗမာပြည်ကို ပေးခဲ့ဟန် ပြောဆိုနေ ကြတာတွေကြားဖူးပါတယ်။ သမိုင်းကိုအမြင်မမှားစေဖို့ တင်ပြလိုက်ခြင်းသာဖြစ်ပါသည်။
Sunday, January 30, 2011
ပတ်လည်ရိုက်နေသောလူမျိုးစုအမည်လေးများ
အ၀တ်အစားကိုအမြဲပြောင်းလဲဝတ်ဆင်ကြသလိုပဲ မြန်မာပြည်မှာ ဘာသာစကားတွေဟာလည်းအမြဲပြောင်း လဲနေကြတယ်။ သမိုင်းကြောင်းတစ်လျှောက်မှာ စကားတစ်ချို့ဟာ အခြားတစ်ခုရဲ့လွှမ်းမိုးမှုခံရလို့ပဲဖြစ်ဖြစ်၊ လူမျိုးတစ်ခုက ပိုဖွံ့ဖြိုးတဲ့အခြားလူမျိုးတစ်ခုရဲ့စကားကိုအထင်ကြီးရာကပဲဖြစ်ဖြစ် ဘာသာစကားတွေဟာ ပြောင်းလဲ ပျောက်ကွယ်သွားတတ်တဲ့သဘာဝတွေရှိခဲ့တယ်။ ဒါကြောင့်၊ လူမျိုးတစ်ခုရဲ့မူလနဲ့ဆိုင် တဲ့အကြောင်း အရာလေးတွေကိုလေ့လာရာမှာ ရောထွေးရှုပ်ထွေးမှုလေးတွေရှိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လိုဖြစ်လာတယ် ဆိုတာကိုအတည်ပြုပြောဖို့ခက်ပေမယ့်၊ သမိုင်းလေ့လာ သူတွေအတွက်အထောက်အကူ ဖြစ်မယ်ထင်တဲ့ အကြောင်း အရာလေးတွေကိုတင်ပြလိုက်ပါတယ်။
အင်္ဂလိပ်တွေအုပ်ချုပ်တဲ့ ၁၉၃၁ ခုနှစ်ဝန်းကျင်ခန့်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံလူမျိုး စုတွေကို အုပ်စုခွဲစာရင်းပြုစုကြရာမှာ ဘာသာစကားအမျိုးအစားနှင့်အုပ်စုဟာ တစ်ခုတည်းသောအခြေခံဖြစ်ခဲ့ပါတယ်။ သို့သော်လည်း၊ ထိုစဉ်က ပြည်နယ်နှင့်တိုင်းဒေသတွေကိုဖွဲ့စည်းရာ မှာတော့ ဘာသာစကားအုပ်စုဆက်စပ်မှု ကိုအခြေမခံပဲ၊ ပထ၀ီအနေအထားနှင့်ဒေသအခြေအနေအပေါ်မှာသာ အခြေခံခဲ့တာဖြစ်ပါတယ်။ ဥပမာ၊ ရှမ်းပြည်နယ်မှာဆို လူဦးရေအများဆုံးဖြစ်တဲ့ရှမ်းလူမျိုးပြီးရင်၊ မတူညီတဲ့ဘာ သာစကားအုပ်စုအနည်းဆုံး ၄ မျိုးထဲက မျိုးနွယ်စုခွဲပေါင်း ၃၃ မျိုးနှင့် ရှမ်းလူမျိုးမဟုတ်သူ အခြားတိုင်းရင်းသား တွေလည်းပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အခြားပြည်နယ်တွေမှာပါ ဒီလိုအခြေအနေတွေရှိနေတာပါ။ ဒါကြောင့်လည်း ဒီချိန်မှာ အဲ့ဒီအုပ်စု ကွဲလူမျိုးစုတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာ ကိုယ်စားပြုမှုတွေလိုအပ်လာရ တာဖြစ်ပါတယ်။ ထိုစဉ်က အုပ်စုဖွဲ့မှုအရ မြန်မာပြည်မှာ ဘာသာစကားပေါင်း ၁၃၅ မျိုးရှိခဲ့တယ်လို့ဆိုပေမယ့်၊ ယခုအခါ ဒီထက်ပိုပြီးရှိနေတဲ့အတွက် ၁၃၅ မျိုးဟာ ကိုးကားသင့်တဲ့စာရင်းအရေအတွက်မဟုတ်တော့ပါဘူး။
တစ်ခုထူးခြားတာလေးက၊ တိုင်းရင်းလူမျိုးအချို့ရဲ့အမည်နဲ့ပတ်သက်ပါတယ်။ ဥပမာ၊ ကရင်၊ ကချင်၊ နှင့် ချင်းလူမျိုးတို့ရဲ့ အမည်တွေဟာ ဌင်းတို့က ကိုယ့်ကိုကိုယ်ခေါ်တဲ့အမည်တွေမဟုတ်ပဲ၊ အခြားလူမျိုးတစ်ခုက ခေါ်တဲ့အမည်တွေသာဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ကရင်က ဘကညော၊ ကချင်က ဂျင်းဂ်ဖော (ဂျိမ်းဖော)၊ ချင်းက (လိုင်၊ ဇိုမီး) လို့ခေါ်ကြပါတယ်။ အင်္ဂလိပ်ခေတ်စစ်တမ်းတစ်ခုဖြစ်တဲ့ J.J. Bennison, I.C.S ရဲ့အစီရင်ခံစာမှာတော့ ဒီလူမျိုးသုံးခုရဲ့အမည်ဟာ ဗမာစကားဖြစ်တဲ့ Kakhyen ဆိုတဲ့အသုံး အနှုန်းကနေ ဆင်းသက်လာခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ထားပါတယ်။ ဗမာလိုဘယ်လို အသံထွက်တယ်ဆိုတာ ကိုတော့ အတိအကျမသိပေမယ့်၊ အဲ့ဒီဗမာစကားလုံးရဲ့အဓိပ္ပယ်အားဖြင့် တော့ ယဉ်ကျေးမှုနောက်ကျသူ တောင်ပေါ်သားများ (wild hill tribes) လို့ထွက်ကြောင်းသိရပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ်၊ အဲ့ဒီလူမျိုးတွေ အမည်ရဲ့ အရှေ့ဗျည်းသံကိုဖြုတ်လိုက်ရင် အနောက်စကားလုံးတွေဖြစ်တဲ့ ဗျည်းနှင့်သရတွေ (_yin, _chin_, _chin) ဟာ ဘာသာဗေဒသဘောအရတူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၃ ရာစုမှာ ၀င်ရောက်လာတဲ့ ရှမ်း တွေကို နောင်အခါ ရှေ့သရသံ (သို့မဟုတ် ရပ်သံ)တစ်လုံးတိုးပြီး အဆမ် (Assam) ဆိုပြီး အာသံပြည်မှာ ခေါ်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အငြင်းပွားဖို့မဟုတ်ပဲ၊ အမည်နာမ ဆိုင်ရာသမိုင်းလေ့လာသူတွေအတွက် သုံးသပ်စရာအဖြစ်တင် ပြလိုက်ခြင်းသာဖြစ်ပါတယ်။
ရှမ်းဆိုတဲ့အခေါ်အပါအ၀င်အခြားလူမျိုးစုနာမည်တွေဟာလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ရှမ်းတွေက တကယ်တော့ ကိုယ့်ကိုကိုယ် တောင်ပေါ်နေရှမ်းများ လို့အဓိအဓိပ္ပယ်ရတဲ့ တိုင်းလိုင် Tai Loi (သို့မဟုတ်) ခွန်လိုင် Khun Loi လို့ခေါ်ကြောင်းသိရပါတယ်။ ကချင်နှင့်နာဂ တွေကတော့ရှမ်းတွေကို ရှမ်/ဆန်မ် (Sham/Siam) လို့ခေါ်ပါတယ်။ ရှမ်းတွေကျတော့ ကချင်ကို ခန်းဂ် (Khang) လို့ခေါ်ပြီး နောက်ကျကျန် ရစ်သူလို့အဓိပ္ပယ်ရပါတယ်။ ကချင်က ကျတော့ ချင်းလူမျိုးကို ခန်းဂ်ဆိုတဲ့နာမည်အတိုင်းပဲ ပြန်ခေါ်ပြန်ပါတယ်။ အဓိပ္ပယ် အားဖြင့်လည်းဆင်တူမယ်ထင်ပါတယ်။ ကချင်က လချိတ်ကို လရှီဟူ၍လည်းကောင်း၊ နုန်လူမျိုး က(Nung) ယောရင် (Yawyin) ကို လရှီဟူ၍လည်းကောင်းခေါ်ပါတယ်။ နုန်ကပဲ ရှမ်းကိုကျပြန်တော့ မူဝါ (Muwa) တဲ့။ မူဝါဆိုတာ ကချင်နှင့်နာဂ က တရုတ်ကိုခေါ်တဲ့ နာမည်ဖြစ်နေပြန်ပါတယ်။ ဒီလိုပဲ မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့အမည်တွေဟာ ပတ်လည်ရိုက်ရှုတ်နေတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ အချို့ဆိုရင် အဲ့လိုနာမည်မျိုးတောင် မရှိတာတွေ့ ရပါတယ်။ လူမျိုးစုတစ်ခုကိုအခြားမျိုးနွယ်စုတစ်ခုက ခေါ်တွင်တဲ့ အမည်တွေမှာ နာမ်နှိမ်တာတို့၊ ချိုးနှိမ်တဲ့သဘောနဲ့ခေါ်တာမျိုးတွေလည်းရှိပါတယ်။ ဥပမာ၊ ဗမာက ယိုးဒယား ကို နာမ်နှိမ်တဲ့သဘောနဲ့ အယုတ်ဒယ လို့ခေါ်တာမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ်၊ အမည်နာမအခေါ်အဝေါ်လေးတွေဟာ သမိုင်းအချိုးကွေ့တစ်နေရာရာမှာ အကြောင်း တစ်မျိုး မျိုးကြောင့်ပေါ်ပေါက်လာတဲ့ အထောက်အထားလေးတွေဖြစ်တာမို့ ပညာရပ်ရှုထောင့် ဘက် ကနေ သုံးသပ်လေ့ လာနိုင်မယ်ဆိုရင် လူမူသမိုင်းကိုအကျိုးပြုနိုင်လိမ့်မယ်ထင်ပါတယ်။
Saturday, January 29, 2011
A Brief Migration History of the Naga People
Naga Warriors |
နာဂလူမျိုးတို့သည် ယခုမြန်မာနိုင်ငံဟုခေါ်သောအရပ်သို့ ရှေးဦးရောက် ရှိနေထိုင်ခဲ့ကြသော ဒေသခံလူမျိုး (Indigenous people) များပင်ဖြစ်ပါ သည်။ ဒေါက်တာသန်းထွန်းအဆိုအရ နာဂအုပ်စုသည် ဘီစီ ၃ ရာစု သို့မဟုတ် ထိုထက်စောစွာ မြန်မာပြည်အရပ်သို့ရောက်ရှိ သူများ ဖြစ်ကြောင်းသိရသော်လည်း၊ ဟူးကောင်း လွင်ပြင်ဒေသသို့ရောက်ရှိနေ ထိုင်ချိန်သည် ဘီစီ ၇ နှင့် ၆ ရာစုဝန်းကျင်တွင်ဖြစ်မည်ဟုယူဆရသည်။
ဌင်းတို့ရောက်ရှိနေထိုင်ခဲ့သောကာလနှင့်ဝင်ရောက်လာရာ လမ်း ကြောင်းအားဖော်ပြရာတွင် သမိုင်းဆရာတို့ကြားညီညွတ်ခြင်းမရှိသည် ကိုတွေ့ရပါသည်။ မည်သို့ဆိုစေ၊ နာဂ လူမျိုးများသည် တရုတ်-တိဘက် အုပ်စုဝင် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ကြသောကြောင့်၊ အခြား တိဘက်-မြန်မာအုပ်စုဝင်တို့၏ ဘာသာစကားများနှင့်ဆင်တူမှုများရှိသည် မှာ အဆန်းမဟုတ်ပေ။
ဌင်းတို့ရောက်ရှိနေထိုင်ခဲ့သောကာလနှင့်ဝင်ရောက်လာရာ လမ်း ကြောင်းအားဖော်ပြရာတွင် သမိုင်းဆရာတို့ကြားညီညွတ်ခြင်းမရှိသည် ကိုတွေ့ရပါသည်။ မည်သို့ဆိုစေ၊ နာဂ လူမျိုးများသည် တရုတ်-တိဘက် အုပ်စုဝင် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ကြသောကြောင့်၊ အခြား တိဘက်-မြန်မာအုပ်စုဝင်တို့၏ ဘာသာစကားများနှင့်ဆင်တူမှုများရှိသည် မှာ အဆန်းမဟုတ်ပေ။
နာဂလူမျိုးတို့၏သမိုင်းများအရ ဌင်းတို့သည် ယူနန်အရပ်မှဆင်းသက် လာကြသူများဖြစ်သည်ဟုဆိုပြီး၊ မူလ ရောက်ရှိစတွင် မြန်မာပြည်မြောက်ပိုင်းဖြစ်သော ဟူးကောင်းလွင် ပြင်ဒေသ၌နေထိုင်ခဲ့ကြသည်။ မူလ၀င်ရောက်လာကြစဉ်က နာဂလူမျိုးများသည် အလုံးအရင်းဖြင့် ၀င်ရောက်လာကြသည် ဟုယုံကြည် ရသည်။ နာဂလူမျိုးတို့၏ သမိုင်းတွင် ဟူးကောင်းလွင်ပြင်မှ မိုင်းခွန်းဒေ သနှင့်ချင်းတွင်းမြစ်အတိုင်းဆုန် ဆင်းကာ၊ ဇင်္ဂလိန်း (ယခုခန္တီးမြို့) ဒေသနှင့်၊ မြန်မာနိုင်ငံအပူပိုင်းဒေသ များဖြစ်သော အလုံဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ အလုံအရပ် သည် ယခုမုံရွာမြို့၏အထက် ၇ မိုင်ခန့်အကွာ ချင်းတွင်းမြစ် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုသို့ ပြောင်းရွေ့မှုသည် ၁၃ ရာစုတွင် အဟုန် ရှမ်းနှင့်မွန်ဂိုတို့ ဟူးကောင်းလွင် ပြင်ဒေသနှင့်မြန်မာပြည်မြောက်ပိုင်း အရပ်များတွင် စစ်ခင်း ကြသောကြောင့်ဟုယူဆပါသည်။ သို့သော် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဟူးကောင်းလွင်ပြင်ဒေသသည် ပထ၀ီအနေအထားအရ အလွန်အရေးပါသောအရပ်ဒေသဖြစ်သည်။ မြောက် ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများနှင့်ရေခဲဖုံးလွှမ်းနေသည့် ရေခဲတောင်ကြီးများဖြင့်ကာဆီးထား သည့် သဘာဝတံတိုင်းကြီးများကြောင့်လည်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြားတိုက်ရိုက်ဆက်သွယ်ရေးကို နှေင့်နှေးစေ ခဲ့သည်။ ထို့ကြောင့်ပင်ဟူးကောင်းလွင်ပြင်ဒေသသည် နောင်အခါတွင်နှစ်နိုင်ငံဆက်သွယ်ရေး အတွက်အရေးပါ သည့်ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာခဲ့သည်။ သမိုင်းမှတ်တမ်းများအရ အေဒီ ၇ တွင် ဟူးကောင်းလွင်ပြင် ဒေသ၌ တရုတ်-အာရှကုန်သွယ်မှုထွန်းကားခဲ့သည်ဟုသိရသည်။
နာဂတို့သည် ၁၃ ရာစုတွင် မွန်ဂိုတို့သိမ်းပိုက်မှုကြောင့်နန်ချောင်ပြည်ပြိုကွဲပြီးနောက် တောင်ပိုင်းသို့ပြိုဆင်း လာသော နန်ချောင်ရှမ်းတို့နှင့် ဟူးကောင်းအရပ်တွင်ထိပ်တိုက်တွေ့မှုများရှိခဲ့သကဲ့သို့ မြန်မာပြည်အလယ် ပိုင်း တွင်လည်း ဌင်းတို့၏တိုက်ခိုက်သိမ်းပိုက်မှုများကိုကြုံခဲ့ရသည်။ အေဒီ ၈၃၂ ခုနှစ်တွင် နန်ချောင်ရှမ်းတို့ တိုက်သဖြင့် ပျူမြို့တော်ပျက်သုန်းရပြီး ၁၈၃၅ တွင် အခြားသောမြို့ပြနိုင်ငံများပါကျဆုံးခဲ့ရသည်။ မြန်မာ ပြည် အလယ်ပိုင်းတွင် အင်အားကြီးမားသော ရှမ်းညီနောင်သုံးဦးတို့က မြင်ဆိုင်းပြည်ကြီးအားတည်ထောင် အုပ်ချုပ်ပြီးနောက်တွင် ဒေသအတွင်းစူပါပါဝါမြို့ပြနိုင်ငံတော်ကြီးဖြစ်လာခဲ့ပြီး သက္ကရာဇ် ၁၃၀၀ ခုနှစ်တွင် မွန်ဂိုတို့နှင့်စစ်ခင်းသည်။ နန်ချောင်အရပ် (ယခုယူနန်နယ်)သည် အေဒီ ၃ ရာစုမှ ၁၀ ရာစုအတွင်း အင်အား ကြီးမားသော တိုင်းပြည်တစ်ခုဖြစ်လာပြီး မြန်မာ့သမိုင်းတွင် ဂန္ဓာလရာဇ် အဖြစ်ထင်ရှားသည်။
တကောင်းပြည်အား မွန်ဂိုတို့က ၁၂၈၄ ဇန်န၀ါလတွင်သိမ်းပိုက်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းဒေသများ သည် မွန်ဂိုတို့၏လက်အောင်နယ်မြေများဖြစ်ခဲ့ရသည်။ ထိုစစ်ပွဲများကြောင့် နာဂတို့၏မြောက်ပိုင်းနှင့် အနောက်ဘက်တောင်တန်းများသို့ရွေ့ပြောင်းမှုများစတင်ခဲ့သည်ဟုယူဆပါသည်။ နောင်အခါတွင် မွန်ဂိုတို့ က ယခုအထက်မြန်မာပြည်အရပ်ဒေသများအား အုပ်ချုပ်ရေးနယ်မြေသစ်တစ်ရပ်တည်ထောင်ကာ တရုတ် အုပ်ချုပ်ရေး အရာရှိများအားအုပ်ချုပ်စေခဲ့သည်။ ထိုအုပ်ချုပ်ရေးနယ်မြေသစ်ကို တရုတ်တို့က ကျဲန်မိ-အင် ဟုခေါ်ကြောင်း မှတ်သားရပါသည်။ သို့သော်လည်း၊ မြင်ဆိုင်းသားတို့နှင့်ထပ်မံစစ်ခင်းပြီး ဌင်းတို့တပ် ဆုတ်သည့် ၁၃၀၃ ခုနှစ် ဧပြီလတွင် အဆိုပါ မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေကိုတရားဝင် ဖျက်သိမ်းပစ်ခဲ့ သည်။
မွန်ဂိုတို့နှင့်လည်းကောင်း၊ ရှမ်းတို့နှင့်လည်းကောင်း ထိုကာလများအတွင်း ထိတွေ့မှုများရှိခဲ့သည့် နာဂတို့ သည် စစ်ရေးဆိုင်ရာယဉ်ကျေးမှုနှင့်အတတ်ပညာများကို တတ်မြောက်ခဲ့ဟန်တူသည်။ နာဂရိုးယဉ်ကျေးမှု တွင် စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုတို့ဖြင့်သာလွှမ်းမိုးထားသည်ကိုတွေ့ရပါသည်။ ယနေ့နာဂလူမျိုးတို့၏ရိုးရာ ဦးထုပ် (စစ်ဦးထုပ်) သည် ထိုခေတ်မွန်ဂိုစစ်သူရဲများဆောင်းသည့် ထိပ်ချွန်စစ်ဦးထုပ်နှင့်ဆင်သည်ကို လည်းလေ့လာ တွေ့ရှိရပါသည်။ ရာစုနှစ်ပေါင်းများစွာပြင်ပ ကမ္ဘာနှင့်ထိတွေ့မှုအလွန်နည်းပါးခဲ့သော နာဂ လူမျိုးများတွင် သေသပ်လှပ၍ အနုပညာမြောက်လှသော လူမှုအသုံးအဆောင်များနှင့်စစ်ရေး အသုံး အဆောင်များတို့ကို ကျွမ်းကျင်စွာပြုလုပ်နိုင်သည့် ပန်းပဲ၊ ပန်းပုပညာနှင့် ယက်ကန်းအတတ်တို့ရှိနေ ခြင်းက အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ဌင်းတို့အဘယ်သို့တတ်မြောက်ခဲ့ပါသနည်း။
နာဂလူမျိုးတို့သည် တောင်ပိုင်းအရပ်များဖြစ်သော အလယ်ပိုင်းဒေသများတွင် ကျောက်ခေတ်နှောင်းပိုင်းကာလ များဖြစ်သော ဘီစီ ၈၀၀၀ နှင့် ၅၀၀၀ ကြားကပင်နေထိုင်ခဲ့ကြပြီး၊ ထိုအရပ်များတွင်ဖြစ်ပေါ်သော နိုင်ငံရေး စစ်ရေးအခြေအနေများကြောင့်၊ ချင်းတွင်းမြစ်အတိုင်းနောက်ပြန်ဆုတ်ကာ သောင်သွတ် (Samsok) အရပ်သို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ သောင်သွတ်အရပ်သည် နာဂလူမျိုးများတစ်စုတစ်စည်းတည်း အဖြစ်နောက်ဆုံးနေ ထိုင်ခဲ့ရာအရပ်ဖြစ်သောကြောင့်၊ သမိုင်းကြောင်းအရ အရေးကြီသော မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ထိုအရပ်မှ၊ နောင်တွင် အုပ်စုများဖွဲ့၍ အခြားအရပ်ဒေသများသို့ထွက်ခွာခဲ့ကြသည်။ အုပ်စုအများပိုင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိတောင်တန်းများဘက်သို့ထွက်ခွာခဲ့ကြရာမှ ယခုနာဂလင်းဂ်ပြည်နယ်ရှိအရပ်ဒေသ များသို့ရောက်သည်။ ထိုအရပ်မှ အုပ်စုအချို့က နောင်အခါ မြန်မာပြည်ဘက်ပိုင်းတွင်ကျရောက်သော နာဂ တောင်တန်းများဘက်သို့ အင်္ဂလိပ်တို့မြန်မာပြည်အား မသိမ်းပိုက်မီကာလကပင် ပြန်လည်ပြောင်းရွေ့ဝင်ရောက် ခဲ့ကြပြီးယခုချိန်ထိနေထိုင်လျက်ရှိသည်။
ဤသို့နောက်ကြောင်းပြန်ရွေ့ပြောင်းလာမှုကို အချို့က နာဂတို့သည် မူလအားဖြင့်အိန္ဒိယဘက်မှ ပြောင်းရွေ့လာကြသူများဖြစ်သည်ဟု မှားယွင်းစွာမှတ်ယူကြသူများလည်းရှိသည်။ နာဂလင်းဂ်ပြည်နယ်ရှိ နာဂလူမျိုးတို့၏ ရွေ့ပြောင်းမှုသမိုင်းများသည် ယနေ့ကဘော်ချိုမ့်ဝှမ်းအရပ်နှင့်ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင်သာမြစ်ဖျားခံကြသည်ကိုလည်းလေ့လာသိရှိရသည်။ မြောက်ပိုင်းနေနာဂလူမျိုးများသမိုင်းတွင် အိန္ဒိယဘက်မှ ၀င်ရောက်လာ သည်ဟူသော သမိုင်းများမရှိသည်ကိုသတိပြုမိပါသည်။ ပြန်လည်ဝင်ရောက် လာသောအုပ်စုဝင်များကို လေရှီးမြို့နယ်ရှိနာဂမျိုးနွယ်စုများနှင့် လဟယ်မြို့နယ်တွင်းရှိ မျိုးနွယ်စုအချို့တို့ တွင် တွေ့နိုင်သည်။ အချို့က ထမံသီအရပ်များတွင်အခြေချနေထိုင်ကြသည်။
သောင်သွတ်အရပ်မှ အနောက်ဘက်တောင်တန်းများသို့ထွက်ခွာသွားသူများနှင့်မလိုက်ဘဲ အုပ်စုအချို့က ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ဘက်သို့ထပ်မံဆန်တက်သွားကြပြီး ဇင်္ဂလိန်းအရပ်သို့ရောက်ရှိနေ ထိုင်ကြသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနာဂတောင်တန်းဒေသရှိ ထိုအရပ်ကိုနောင်အခါ ဇင်္ဂလိန်းခန္တီးမြို့ ဟုခေါ်တွင်သည်။ ဤအုပ်စုတို့နှင့်လိုက်ပါခြင်းမရှိဘဲ အချို့ကသောင်သွတ်အရပ်တွင်သာကျန်ရစ်နေထိုင် ခဲ့ကြသည်။ နောင်အခါတွင် အနောက်ဘက်မှထပ်မံပြောင်းရွေ့လာသော နာဂမိသားစုအချို့သည်လည်း ဤအုပ်စုဝင်တို့နှင့် ထပ်မံပေါင်းစည်းနေထိုင်ကာ နောက်ပိုင်းပြောင်းရွေ့လာသူအခြားလူမျိုးစုများ အတွင်းရောနှောပျောက်ကွယ်သွားသည်ဟုယုံကြည်ရပါသည်။ ယခုအခါ ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မောင်းခမ်း၊ ကောယား၊ တဇုံးနှင့်အခြား ကျေးရွာအချို့တို့မှ ဒေသခံတို့က ဌင်းတို့သည် မူလအားဖြင့် အနောက်ဘက်တောင်တန်းများပေါ်မှ ဆင်းသက် လာကြသော နာဂလူမျိုးများဖြစ်ကြောင်းကို Upper Chindwin District, vol-A, pg.24 မှာ ဖော်ပြထားသည် ကိုမှတ်သားဖူးပါသည်။ သို့သော်၊ ယခုအခါနာဂ လူမျိုးများအဖြစ်ထိုအရပ်တွင်မတွေ့ရတော့ချေ။
သောင်သွတ်အရပ်မှ နာဂအုပ်စုများဒေသအသီးသီးသို့ရွေ့ပြောင်းရသည့်အကြောင်းအရင်းကို အတိအကျ မသိ ရှိရသော်လည်း၊ လူဦးရေနှင့်စိုက်ပျိုးမြေမလုံလောက်ခြင်းကြောင့်လည်းကောင်း၊ ဒေသအတွင်းမ တည်ငြိမ်မှုကြောင့်လည်းကောင်း၊ ဖြစ်နိုင်သည်ဟုခန့်မှန်းသည်။ မြောက်ပိုင်းနေတန်ရှန်းနာဂအနွယ်တို့၏ သမိုင်း၌မူ တောင်ပိုင်းအရပ်များမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ပြောင်းရွေ့ကြရခြင်းမှာ တောင်ပိုင်းဒေသများတွင် ရောဂါဘရပေါများခြင်း နှင့်ရာသီဥတုပူပြင်းလွန်းခြင်းတို့ကြောင့်ဖြစ်သည်ဟုဆို သည်။
နိုင်ငံသမိုင်းနှင့်သုသေတနစာစောင်၊ တွဲ-၃ တွင်ဖော်ပြထားသော မှတ်တမ်းများအရ၊ အေဒီ ၇၅၀ တွင် နန်ချောင် ဘုရင် ကိုလိုဖန်း (Ko.Lo.Fen) တပ်များ ဟူးကောင်းလွင်ပြင်ဒေသအားတိုက်ခိုက်ပြန်ရာ ဒေသခံနာဂလူမျိုးများ နှင့် မြောက်ပိုင်းချင်းအုပ်စုများအကြား အနောက်ဘက်ရှိ အာသံအရပ်သို့ ရွေ့ပြောင်း မှုများရှိခဲ့သည်ဟုယုံကြည် ရသည်။
Tuesday, January 25, 2011
ယဉ်ကျေးမှုနှင့်ဘာသာစကား
ဒီဘက်ခေတ်မှာတိုင်းရင်းသားဘာသာစကားတွေ၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်လာလေးတွေ တဖြည်းဖြည်းမှေးမိန်လာနေတာကိုတွေ့ရပါတယ်။ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်ခုရဲ့ အမှတ် သင်္ကေတ Identity ဖြစ်တာမို့ ခုလိုမှေးမိန်လာခြင်းဟာ လူမျိုးစုရှင်သန်မှုအားနည်း လာတာကိုပြနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားတွေထဲက ၁၄ ရက်ပြည့်တိုင်း (နှစ်ပတ်)ပြည့်တိုင်း ဘာသာစကားတစ်ခုဟာ အမြဲပျောက်ဆုံးနေတယ်လို့သုတေသီတွေရဲ့အစီရင်ခံစာအရသိရပါတယ်။ လူသားတွေရဲ့ရပ်တည်မှုနှင့် သဘာဝစနစ်ကြီးတစ်ခုလုံးကို အပြည့်အ၀နားမလည်နိုင်သေးခင်မှာ အကူအညီမဲ့နေတဲ့ယဉ်ကျေးမှုနှင့်ဘာ သာစကားတွေဆုံးရှံးပျောက်ကွယ်နေတာဟာ လူသားထုတစ်ရပ်လုံးအတွက်ဆုံးရှံးမှုတစ်ရပ်ပဲဖြစ်တာမို့ ၀မ်းနည်းစရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း နိုင်ငံတော်ဘာသာစကားကိုပြောနိုင်ရေးနိုင်ရင် တခြားစကားနှင့်စာပေ တွေပျောက်ဆုံးသွားလည်း ဘာဖြစ်လဲဆိုပြီး…တိုင်းရင်းသားတွေရဲ့ဘာသာစကား နဲ့ပတ်သက်ပြီး လူတချို့ပြောတာကိုကြားဖူးပါတယ်။ ဒါကြောင့်၊ ဘာသာစကားတစ်ခုကိုထိန်းသိမ်းမှုဟာ ဘယ်လောက်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ရှင်းဖို့လိုလာပါပြီ။ ကမ္ဘာပေါ်ဘာသာစကားတစ်မျိုးတည်း ပြောရင်ကောင်း တယ်လို့ကျနော်မယုံကြည်ပါဘူး။ လောကဂေဟစနစ်နှင့် လူသားသမိုင်းကိုနားလည်နိုင် ဖို့ဆိုရင် မတူညီတဲ့စံနှုန်းတွေ၊ ရှုထောင့်တွေဘက်ကနေသုံးသပ်နိုင်မယ့် ကွဲပြားတဲ့တန်ဘိုးတွေရှိနေသင့် တယ် လို့ယုံကြည်လို့ပါ။
Identity
ဘာသာစကားဆိုတာ လူတစ်ဦးချင်းရဲ့စံနှုန်းတန်ဘိုးတွေကိုဖော်ပြတဲ့ ကိုယ်ပိုင် identity တစ်ခုဖြစ်ပါတယ်။ အသက်ရှင်ဖို့လေကို လူတိုင်းလိုအပ်သလို ယဉ်ကျေးမှုအသိုင်းအ၀ိုင်းတစ်ခုမှာရှင်သန်လိုသူတိုင်း ဘာသာစကား တစ်ခုလိုအပ်မှာပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုကိုထိန်းသိမ်းဖို့အားမပေးခြင်းဟာ အဲ့ဒီလူမျိုးစုရဲ့identity နှင့်တန်ဘိုးတွေကိုလျစ်လျူရှုလိုက်တာဖြစ်သလို ပျောက်ဆုံးအောင်တွန်းအားပေး လိုက်တာပဲဖြစ်ပါတယ်။
ယဉ်ကျေးမှု
ဘာသာစကားဆိုတာ ယဉ်ကျေးမှုကိုသယ်ဆောင်တဲ့ တစ်ခုတည်းသော တွန်းအားဖြစ်ပါတယ်။ ကာလဒေသ နဲ့လိုက်လျောညီထွေတဲ့ ယဉ်ကျေးမှုကို သူကပုံဖော်တယ်။ ဘာသာစကားမရှိသူဟာ ယဉ်ကျေးမှုမရှိနိုင်သလို ဘာသာစကားပျောက်ဆုံးခြင်းဟာ ယဉ်ကျေးမှုပျောက်ဆုံးခြင်းပဲဖြစ်တယ်။ ခေတ်ကာလအဆက်ဆက် နှင့်အစဉ် အလာတွေရဲ့ သမိုင်းတွေကိုသယ်ဆောင်သလို၊ ကဗျာ၊ သီချင်း၊ အကစတဲ့အနုပညာတွေကတဆင့် ဖော်ကျူးထိန်းသိမ်းလေ့ရှိတဲ့ လူ့ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ တစ်ချိန်က အင်အားကြီးမားခဲ့တဲ့ပျူလူမျိုးတွေရဲ့ဘာသာစကားပျောက်ဆုံးရာ ကနေ ပျူယဉ်ကျေးမှုပျောက်ပြီး လူမျိုးပါ ပျောက်သွားရတာကိုကြည့်ရင်ဘာသာစကားရဲ့အရေးပါပုံကို သိနိုင်မှာဖြစ်ပါတယ်။
တကယ်တော့ ဘာသာစကားဟာ လူသားတွေရဲ့ရင်းမြစ်မူလအစကိုရှာဖွေဖော်ထုတ်ရာမှာ အရေးပါတဲ့ဂဏ္ဍ တစ်ခုဖြစ်ပါတယ်။ ဘာသာဗေဒပညာရပ်နယ်ပယ်မှာ ဒေသဆိုင်ရာစကားတွေဟာလူသားများရဲ့ဆက်စပ်မှု သမိုင်းတွေကိုဖော်ထုတ်မှတ်တမ်းတင်ရာမှာ အရေးအပါဆုံးပါပဲ။ စိုထိုင်းစနည်းပါးတဲ့အပူပိုင်းဒေသတွေမှာလို သမိုင်းဆိုင်ရာအထောက်အထားတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့ခက်ခဲတဲ့ စိုစွတ်ပြီးမိုးများတဲ့အရပ်ဒေသတွေ မှာတော့ ဘာသာစကားသာလျှင်တစ်ခုတည်းသော ရှင်သန်သည့်အထောက်အထားအဖြစ်ကျန်ရှိတာ ဖြစ်ပါတယ်။
ဥာဏ် (Knowledge)
လူသားတွေရဲ့တိုးတက်မှုနှင့်အသိပညာအတတ်ပညာတွေအားလုံးရဲ့ပင်မဟာ ဘာသာစကားဖြစ်တယ်လို့ ပညာရှင်တွေအဆိုရှိဖူးပါတယ်။ ဒီနေ့သိပံ္ပပညာနှင့်ဝိဇ္ဇာအသိတွေအားလုံးဟာ ဘာသာစကားတတ်မြောက်မှု ကနေအခြေခံလာတယ်။ ကျနော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်လောကကမ္ဘာကိုလိုက်ပြီးဘာသာစကားတွေ ကွဲပြား ကြတာဟာ ဒေသတစ်ခုနဲ့တစ်ခုမတူညီတဲ့သဘာဝစနစ်တွေကြောင့်ဖြစ်သလို အဲ့ဒီဒေသစနစ်ဖြစ်စဉ်တွေကို ဒေသခံတွေရဲ့နားလည်ခံစားသိမြင်တဲ့ အသိတရား သို့မဟုတ် ဥာဏ်နှင့်ပေါင်းစပ်တဲ့အခါ ဒေသဆိုင်ရာ ဥာဏ် ပညာ သို့မဟုတ် အသိတရားတခုဖြစ်လာတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့သဘာဝစနစ်ကိုနားလည်အောင် ကြိုးစားရာမှာ မဖြစ်မနေထည့်သွင်းစဉ်းရမယ့် ဥာဏ်အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒေသအတွင်းက သစ်တောတစ်ခုမှာ ကြားရတဲ့ ငှက်အော်သံ ကိုအစွဲပြုပြီး အဲ့ဒီငှက်ကိုနာမည်ပေးသလို၊ အပင်တွေရဲ့အသုံးဝင်ပုံ တွေကိုလိုက်ပြီးလည်း အမျိုးအမည်တွေ ကွဲပြားကြပါတယ်။ ဒီအရာတွေကိုမတွေ့ရတော့တဲ့အခါ အဲ့ဒီသဘာဝ စနစ်တွေကိုနားလည်ဖို့ပိုခက်ခဲ လာပါတယ်။ ဒီနေ့ခေတ် ဆေးပညာသာမက အခြားသိပံ္ပနှင့် ၀ိဇ္ဇာအသိတွေ အတွက် ဒေသဥာဏ်သိရှိမှုက ဘယ်လောက်အရေးပါတယ်ဆိုတာကို ထောက်ပြချင်တာပါ။ သဘာဝတရား နှင့်ယှက်နွယ် နေတဲ့ဘာသာ စကားတွေဆုံးရှံးသွားခြင်းဟာ ဒေသတန်ဘိုးနှင့်သဘာဝဖြစ်စဉ်တွေရဲ့အရင်းအမြစ် တွေဆုံးရှံးခြင်း တစ်မျိုး ပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုမှာ အခြားဘာသာစကားတစ်ခုနှင့်ပြီးပြည့်စုံအောင် မဖော်ကြူးနိုင်တဲ့ လေးနက်ပြီးအဓိပ္ပယ်ပြည့်ဝတဲ့ အသုံးအနှုန်းတွေအမြဲရှိပါတယ်။
တရုတ်-တိဘက်စကားအုပ်စုအနွယ်ဝင်တွေဖြစ်ကြတဲ့အရှေ့အာရှစကားတွေထဲက တိဘက်-မြန်မာအနွယ် ၀င် တွေရဲ့စကားတော်တော်များများဟာ လေ့လာမှတ်တမ်းတင်မှုတွေမပြုရသေးတာကိုတွေ့ရသလို အချို့ ဆိုရင် ပျောက်ဆုံးစပြုနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်၊ မြန်မာနိုင်ငံမှာ သမိုင်းနှင့်ဘာသာဗေဒဆိုင်ရာ သုတေသနပျြုမှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းဖို့လိုအပ်တယ်လို့ယူဆပါတယ်။ မကြာသေးမီက ပြဌာန်း လိုက်တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီလိုလုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူမှုဥပဒေတစ်ရပ်အဖြစ် (ပုဒ်မ ၃၆၅၊ စာ-၁၅၂) ကိုထည့်သွင်းပြဌာန်းလိုက်ခြင်းအပေါ် ကြိုဆိုရမှာပဲဖြစ် ပါတယ်။
Friday, January 21, 2011
မိခင်များနေ့
မြန်မာနိုင်ငံမှာမိခင်များနေ့ကို ခရစ်ယာန်အသင်းတော်တွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကပင် မိခင် များနေ့ဝတ်ပြုကိုးကွယ်ခြင်းဆိုပြီးနှစ်စဉ် မေလရဲ့ ဒုတိယပတ်ဥပုဒ်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ဟာ၊ အခြေခံအားဖြင့် အသင်းတော်တွင်းမှာရှိတဲ့ မိခင်တွေအားလုံးကို ဂုဏ်ပြုကျင်းပလေ့ရှိတာဖြစ်သလို၊ ဇွန်လ တတိယပတ်ဥပုဒ်နေ့ကိုတော့ ဖခင်များနေ့ဆိုပြီးသတ်မှတ်ထားကြပါတယ်။
ဒီတော့၊ မိခင်များနေ့ပေါ်ပေါက်လာရတဲ့သမိုင်းလေးကိုပြောဖို့လိုလာပါပြီ။ ဒီနေ့ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး၊ ကွဲပြားတဲ့ထင်မြင်ချက်တွေ ရှိကြပေမယ့်၊ ပထမဦးဆုံးသော မိခင်နေ့ကိုတော့ ဂရိနိုင်ငံမှာစ တင်ခဲ့ တာဖြစ်ပါတယ်။ ရှေးခေတ်ဂရိနတ်ဘုရား များရဲ့မိခင်ဖြစ်သူ ရေအာ (Rhea) ကိုဂုဏ်ပြုပူဇော် ဖို့ကျင်းပခဲ့ကြ တာဖြစ်ပါတယ်။ နောင်အခါ၊ အင်္ဂလန်နိုင်ငံမှာ ၁၇ ရာစုလောက်ကစပြီး မိခင်တွေကိုဂုဏ်ပြု တဲ့အနေနဲ့ မိခင်များနေ့ (သို့မဟုတ်) မိခင်များ ဥပုဒ်နေ့ ဆိုပြီးစတင်ကျင်းပလာခဲ့ ကြတယ်။
အမေရိကမှာတော့၊ ၁၈၇၇ ခုနှစ်မှာ Ms. Julia Ward Howe နှင့် Ms.Anna Jarvis ဆိုသူတို့က မိခင်များနေ့ ကျင်းပဖို့အကြံပြုခဲ့ကြပြီး၊ အမေရိကန်သမ္မတ Woodrow Wilson က ၁၉၁၄ ခုနှစ်မေလ ၈ရက်နေ့မှာ လက်မှတ်ထိုးအတည်ပြုပေးခဲ့ရာက နောင်မှာ မေလ ဒုတိယပတ်ဥပုဒ်နေ့ကို သတ်မှတ်ပြီး ကမ္ဘာတ၀န်း ကျင်းပလာခဲ့တာ ဒီနေ့ထိပဲဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အပြီး၊ ငြိမ်းချမ်းရေး ကိုအထိမ်းအမှတ် ပြုတဲ့အနေနဲ့ကျင်းပဖို့အကြံရခဲ့ရာကစတင်ခဲ့ တယ်လို့မှတ်သားဖူးပါတယ်။ ပထမဆုံး မိခင်များနေ့ဥပုဒ်နေ့ကို မီရှီဂန်က Albion အရပ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။
ဘယ်လိုပဲစတင်ခဲ့သည်ဖြစ်စေ၊ မိခင်တွေဟာ ဂုဏ်ပြုထိုက်သူတွေ ဖြစ်တာမို့ မွန်မြတ်ယဉ်ကျေးတဲ့ လုပ်ဆောင်မှုတစ်ခုလို့ဆိုရမှာပါ။ မိမိတို့ရှင်သန်နေထိုင်တဲ့အသိုက်အမြှုံလေးမှာ ဘယ်လိုအခက် အခဲတွေ ရှိနေပါစေ..နွေးထွေးမှုပေးနိုင်တဲ့မေတ္တာရှင်တွေပဲ မဟုတ်ပါလား။ မြန်မာပြည်မှာတော့၊ စာရေးဆရာကြီး ဦးသုခက မိခင်များနေ့ကိုမိတ်ဆက်ရေးသားခဲ့ရာကနေ အသင်းတော်ပြင်ပ အသိုင်းဝိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လူသိများလာရာက မကြာသေးမီနှစ်တွေကစပြီး အမေများနေ့ဆိုပြီး စတင်အသိ အမှတ် ပြုကျင်းပလာကြာကိုတွေ့ရပါတယ်။
ဒါပေမယ့်လည်း၊ အသင်းတော်အတွင်းမှာကျင်းပတဲ့ ကာလနှင့် အသင်းတော်ပြင်ပအသိုင်းအ၀ိုင်းတွေ ကြား မှာကျင်းပတဲ့ ရက်ကာလတွေတော့ မတူကြတာတွေ့ရပါတယ်။ ခုလိုတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာတာကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။ နောင်အခါမှာ ဖခင်များနေ့ကိုပါ လူသိများလာပြီး ကျင်းပနိုင်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။
Sunday, January 16, 2011
လီဒိုလမ်းနှင့်သူတို့ဘဝ
ရှင်ဘွေယံ-နန်းယွန်း လီဒိုလမ်းပိုင်းတစ်နေရာ |
ဒုတိယကမ္ဘာစစ်ကာလတွေဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကိုဝင်သိမ်းပြီးတဲ့နောက် တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီးစတင်ခဲ့ပြီး၊ ၁၉၃၇ မှာတော့ စစ်ဟာပိုမိုအရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း တော်တော်များများကို ဂျပန်ကသိမ်းယူနိုင်ခဲ့တာကြောင့် တရုတ်တပ်မတော်အတွက် လိုအပ်နေတဲ့စစ် အထောက်အပံ့တွေကို ပေးပို့ရာမှာ အဟန့်အတားတွေဖြစ်နေခဲ့တယ်။ ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိးမြို့ ကိုဆက်သွယ်တဲ့ရထားလမ်းတစ်ခုကို တရုတ်အလုပ်သမားတွေနှင့်စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိး-ရန်ကုန်ရထားလမ်းရှိနေ တာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း၊ ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကိုဝင်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကိုထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကိုဆက်သွယ်နိုင်မယ့် လမ်းသစ်ဖောက်လုပ်ဖို့ကို အကြံ ပြုခဲ့ကြရာက လီဒိုလမ်းဆောက်လုပ်ရေးကြီးပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန်စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ် က ဒီလမ်းဆောက်လုပ်ရေးကိုကွပ်ကဲခဲ့ရတယ်။ ရန်ကုန်ကအထောက်အပံ့တွေရပ်ဆိုင်းသွားတာကြောင့်၊ အစီအစဉ် အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့်ဘုံဘေမှာရှိနေတဲ့ စစ်အထောက်အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်းတင်ပို့ပေးနိုင်ဖို့ဖြစ်ပါတယ်။ နဂိုလမ်းမရှိရာ (ရှမ်းပြည်မှာရှိတဲ့)မုံယူလမ်းဆုံအထိ ၄၆၅ မိုင်ရှည်တဲ့လီဒိုလမ်းဆောက်လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမ ကြီးလို့ခေါ်ပါတယ်။
ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း ၆၀၀ ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိဆက်သွယ်ထားတဲ့ဗမာပြည်လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကိုဂုဏ်ပြု တဲ့အနေနဲ့ စတီးဝဲလ်လမ်းမကြီးလို့အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့လူသိများလာကြပါတယ်။
ဗမာပြည်လမ်းပိုင်းကိုတည်ဆောက်ကြစဉ်က |
မြန်မာပြည်ဘက်လမ်းပိုင်းမှာတော့ မြစ်ကြီးနားကနေ တနိုင်းလောက်ထိသာ မြေသားညှိထားတဲ့ပြုပြင်မှုတွေကို တွေ့ရပြီး ဆက်လက်မွမ်းမံသွားမယ့်အနေအထားတွေလည်းတွေ့နေရပါတယ်။ ဒီလမ်းကိုပြုပြင်မွမ်းမံဖို့ ခုတော့ တရုတ်ကုမ္ပဏီတစ်ခုနှင့် ယုဇနကုမ္ပဏီတို့ကို အစိုးရက လုပ်ကိုင်ခွင့်တင်တာတွေချပေးလိုက်တာကြောင့် ဒီလမ်းဟာမကြာခင် ပြန်လည်အသက်ဝင်လာတော့မယ်လို့ယူဆရပါတယ်။ ဒီလမ်းပြန်လည်အသက်ဝင် လာခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးရေးကိုပါအထောက်အကူပြုနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။ ဒါပေမယ့် လည်း၊ ရာစုနှစ်နှစ်ခုစာလောက်နောက်ကျကျန်နေသေးတဲ့ ဒေသခံနာဂလူမျိုးတွေနှင့် ကချင်လူမျိုးတွေအတွက် တော့ အဲ့ဒီလမ်းမကြီးကနေပေါ်ပေါက်လာမယ့် ဖွံ့ဖြိုးရေးဆိုတာကြီးကို စိန်ခေါ်မှုမျိုးစုံနှင့်ရင်ဆိုင်ကြရ အုံးမှာမို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ကာလတွေကိုဖြတ်ကျော်ကြရအုံးမှာအသေအချာပါပဲဗျာ။
Subscribe to:
Posts (Atom)