Greeting


ကျနော့်ဘလောက်လေးကိုလာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့အားလုံး..မင်္ဂရှိပါစေကြောင်း..နှုတ်ခွန်းဆက်သလိုက်ပါတယ်….

ဝါဒအတွေး-နိုင်ငံရေး--ကင်းရှင်းကြပါစေ......

Saturday, January 29, 2011

A Brief Migration History of the Naga People



Naga Warriors
နာဂလူမျိုးတို့သည် ယခုမြန်မာနိုင်ငံဟုခေါ်သောအရပ်သို့ ရှေးဦးရောက် ရှိနေထိုင်ခဲ့ကြသော ဒေသခံလူမျိုး (Indigenous people) များပင်ဖြစ်ပါ သည်။ ဒေါက်တာသန်းထွန်းအဆိုအရ နာဂအုပ်စုသည် ဘီစီ ၃ ရာစု သို့မဟုတ် ထိုထက်စောစွာ မြန်မာပြည်အရပ်သို့ရောက်ရှိ သူများ ဖြစ်ကြောင်းသိရသော်လည်း၊ ဟူးကောင်း လွင်ပြင်ဒေသသို့ရောက်ရှိနေ ထိုင်ချိန်သည် ဘီစီ ၇ နှင့် ၆ ရာစုဝန်းကျင်တွင်ဖြစ်မည်ဟုယူဆရသည်
ဌင်းတို့ရောက်ရှိနေထိုင်ခဲ့သောကာလနှင့်ဝင်ရောက်လာရာ လမ်း ကြောင်းအားဖော်ပြရာတွင် သမိုင်းဆရာတို့ကြားညီညွတ်ခြင်းမရှိသည် ကိုတွေ့ရပါသည်။ မည်သို့ဆိုစေ၊ နာဂ လူမျိုးများသည် တရုတ်-တိဘက် အုပ်စုဝင် တိဘက်-မြန်မာအနွယ်ဝင်များဖြစ်ကြသောကြောင့်၊ အခြား တိဘက်-မြန်မာအုပ်စုဝင်တို့၏ ဘာသာစကားများနှင့်ဆင်တူမှုများရှိသည် မှာ အဆန်းမဟုတ်ပေ။

နာဂလူမျိုးတို့၏သမိုင်းများအရ ဌင်းတို့သည် ယူနန်အရပ်မှဆင်းသက် လာကြသူများဖြစ်သည်ဟုဆိုပြီး၊ မူလ ရောက်ရှိစတွင် မြန်မာပြည်မြောက်ပိုင်းဖြစ်သော ဟူးကောင်းလွင် ပြင်ဒေသ၌နေထိုင်ခဲ့ကြသည်။ မူလ၀င်ရောက်လာကြစဉ်က နာဂလူမျိုးများသည် အလုံးအရင်းဖြင့် ၀င်ရောက်လာကြသည် ဟုယုံကြည် ရသည်။ နာဂလူမျိုးတို့၏ သမိုင်းတွင် ဟူးကောင်းလွင်ပြင်မှ မိုင်းခွန်းဒေ သနှင့်ချင်းတွင်းမြစ်အတိုင်းဆုန် ဆင်းကာ၊ ဇင်္ဂလိန်း (ယခုခန္တီးမြို့) ဒေသနှင့်၊ မြန်မာနိုင်ငံအပူပိုင်းဒေသ များဖြစ်သော အလုံဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ အလုံအရပ် သည် ယခုမုံရွာမြို့၏အထက် ၇ မိုင်ခန့်အကွာ ချင်းတွင်းမြစ် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုသို့ ပြောင်းရွေ့မှုသည် ၁၃ ရာစုတွင် အဟုန် ရှမ်းနှင့်မွန်ဂိုတို့ ဟူးကောင်းလွင် ပြင်ဒေသနှင့်မြန်မာပြည်မြောက်ပိုင်း အရပ်များတွင် စစ်ခင်း ကြသောကြောင့်ဟုယူဆပါသည်။ သို့သော် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ဟူးကောင်းလွင်ပြင်ဒေသသည် ပထ၀ီအနေအထားအရ အလွန်အရေးပါသောအရပ်ဒေသဖြစ်သည်။ မြောက် ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများနှင့်ရေခဲဖုံးလွှမ်းနေသည့် ရေခဲတောင်ကြီးများဖြင့်ကာဆီးထား သည့် သဘာဝတံတိုင်းကြီးများကြောင့်လည်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြားတိုက်ရိုက်ဆက်သွယ်ရေးကို နှေင့်နှေးစေ ခဲ့သည်။ ထို့ကြောင့်ပင်ဟူးကောင်းလွင်ပြင်ဒေသသည် နောင်အခါတွင်နှစ်နိုင်ငံဆက်သွယ်ရေး အတွက်အရေးပါ သည့်ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာခဲ့သည်။ သမိုင်းမှတ်တမ်းများအရ အေဒီ ၇ တွင် ဟူးကောင်းလွင်ပြင် ဒေသ၌ တရုတ်-အာရှကုန်သွယ်မှုထွန်းကားခဲ့သည်ဟုသိရသည်။

နာဂတို့သည် ၁၃ ရာစုတွင် မွန်ဂိုတို့သိမ်းပိုက်မှုကြောင့်နန်ချောင်ပြည်ပြိုကွဲပြီးနောက် တောင်ပိုင်းသို့ပြိုဆင်း လာသော နန်ချောင်ရှမ်းတို့နှင့် ဟူးကောင်းအရပ်တွင်ထိပ်တိုက်တွေ့မှုများရှိခဲ့သကဲ့သို့ မြန်မာပြည်အလယ် ပိုင်း တွင်လည်း ဌင်းတို့၏တိုက်ခိုက်သိမ်းပိုက်မှုများကိုကြုံခဲ့ရသည်။ အေဒီ ၈၃၂ ခုနှစ်တွင် နန်ချောင်ရှမ်းတို့ တိုက်သဖြင့် ပျူမြို့တော်ပျက်သုန်းရပြီး ၁၈၃၅ တွင် အခြားသောမြို့ပြနိုင်ငံများပါကျဆုံးခဲ့ရသည်။ မြန်မာ ပြည် အလယ်ပိုင်းတွင် အင်အားကြီးမားသော ရှမ်းညီနောင်သုံးဦးတို့က မြင်ဆိုင်းပြည်ကြီးအားတည်ထောင် အုပ်ချုပ်ပြီးနောက်တွင် ဒေသအတွင်းစူပါပါဝါမြို့ပြနိုင်ငံတော်ကြီးဖြစ်လာခဲ့ပြီး သက္ကရာဇ် ၁၃၀၀ ခုနှစ်တွင်  မွန်ဂိုတို့နှင့်စစ်ခင်းသည်။ နန်ချောင်အရပ် (ယခုယူနန်နယ်)သည် အေဒီ ရာစုမှ ၁၀ ရာစုအတွင်း အင်အား ကြီးမားသော တိုင်းပြည်တစ်ခုဖြစ်လာပြီး မြန်မာ့သမိုင်းတွင် ဂန္ဓာလရာဇ် အဖြစ်ထင်ရှားသည်။

တကောင်းပြည်အား မွန်ဂိုတို့က ၁၂၈၄ ဇန်န၀ါလတွင်သိမ်းပိုက်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းဒေသများ သည် မွန်ဂိုတို့၏လက်အောင်နယ်မြေများဖြစ်ခဲ့ရသည်။ ထိုစစ်ပွဲများကြောင့် နာဂတို့၏မြောက်ပိုင်းနှင့် အနောက်ဘက်တောင်တန်းများသို့ရွေ့ပြောင်းမှုများစတင်ခဲ့သည်ဟုယူဆပါသည်။ နောင်အခါတွင် မွန်ဂိုတို့ က ယခုအထက်မြန်မာပြည်အရပ်ဒေသများအား အုပ်ချုပ်ရေးနယ်မြေသစ်တစ်ရပ်တည်ထောင်ကာ တရုတ် အုပ်ချုပ်ရေး အရာရှိများအားအုပ်ချုပ်စေခဲ့သည်။ ထိုအုပ်ချုပ်ရေးနယ်မြေသစ်ကို တရုတ်တို့က ကျဲန်မိ-အင် ဟုခေါ်ကြောင်း မှတ်သားရပါသည်။ သို့သော်လည်း၊ မြင်ဆိုင်းသားတို့နှင့်ထပ်မံစစ်ခင်းပြီး ဌင်းတို့တပ် ဆုတ်သည့် ၁၃၀၃ ခုနှစ် ဧပြီလတွင် အဆိုပါ မြောက်ပိုင်းအုပ်ချုပ်ရေးနယ်မြေကိုတရားဝင် ဖျက်သိမ်းပစ်ခဲ့ သည်။

မွန်ဂိုတို့နှင့်လည်းကောင်း၊ ရှမ်းတို့နှင့်လည်းကောင်း ထိုကာလများအတွင်း ထိတွေ့မှုများရှိခဲ့သည့် နာဂတို့ သည် စစ်ရေးဆိုင်ရာယဉ်ကျေးမှုနှင့်အတတ်ပညာများကို တတ်မြောက်ခဲ့ဟန်တူသည်။ နာဂရိုးယဉ်ကျေးမှု တွင် စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုတို့ဖြင့်သာလွှမ်းမိုးထားသည်ကိုတွေ့ရပါသည်။ ယနေ့နာဂလူမျိုးတို့၏ရိုးရာ ဦးထုပ် (စစ်ဦးထုပ်) သည် ထိုခေတ်မွန်ဂိုစစ်သူရဲများဆောင်းသည့် ထိပ်ချွန်စစ်ဦးထုပ်နှင့်ဆင်သည်ကို လည်းလေ့လာ တွေ့ရှိရပါသည်။ ရာစုနှစ်ပေါင်းများစွာပြင်ပ ကမ္ဘာနှင့်ထိတွေ့မှုအလွန်နည်းပါးခဲ့သော နာဂ လူမျိုးများတွင် သေသပ်လှပ၍ အနုပညာမြောက်လှသော လူမှုအသုံးအဆောင်များနှင့်စစ်ရေး အသုံး အဆောင်များတို့ကို ကျွမ်းကျင်စွာပြုလုပ်နိုင်သည့် ပန်းပဲ၊ ပန်းပုပညာနှင့် ယက်ကန်းအတတ်တို့ရှိနေ ခြင်းက အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ဌင်းတို့အဘယ်သို့တတ်မြောက်ခဲ့ပါသနည်း။  

နာဂလူမျိုးတို့သည် တောင်ပိုင်းအရပ်များဖြစ်သော အလယ်ပိုင်းဒေသများတွင် ကျောက်ခေတ်နှောင်းပိုင်းကာလ များဖြစ်သော ဘီစီ ၈၀၀၀ နှင့် ၅၀၀၀ ကြားကပင်နေထိုင်ခဲ့ကြပြီး၊ ထိုအရပ်များတွင်ဖြစ်ပေါ်သော နိုင်ငံရေး စစ်ရေးအခြေအနေများကြောင့်၊ ချင်းတွင်းမြစ်အတိုင်းနောက်ပြန်ဆုတ်ကာ သောင်သွတ် (Samsok) အရပ်သို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ သောင်သွတ်အရပ်သည် နာဂလူမျိုးများတစ်စုတစ်စည်းတည်း အဖြစ်နောက်ဆုံးနေ ထိုင်ခဲ့ရာအရပ်ဖြစ်သောကြောင့်၊ သမိုင်းကြောင်းအရ အရေးကြီသော မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ထိုအရပ်မှ၊ နောင်တွင် အုပ်စုများဖွဲ့၍ အခြားအရပ်ဒေသများသို့ထွက်ခွာခဲ့ကြသည်။ အုပ်စုအများပိုင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိတောင်တန်းများဘက်သို့ထွက်ခွာခဲ့ကြရာမှ ယခုနာဂလင်းဂ်ပြည်နယ်ရှိအရပ်ဒေသ များသို့ရောက်သည်။ ထိုအရပ်မှ အုပ်စုအချို့က နောင်အခါ မြန်မာပြည်ဘက်ပိုင်းတွင်ကျရောက်သော နာဂ တောင်တန်းများဘက်သို့ အင်္ဂလိပ်တို့မြန်မာပြည်အား မသိမ်းပိုက်မီကာလကပင် ပြန်လည်ပြောင်းရွေ့ဝင်ရောက် ခဲ့ကြပြီးယခုချိန်ထိနေထိုင်လျက်ရှိသည်။

ဤသို့နောက်ကြောင်းပြန်ရွေ့ပြောင်းလာမှုကို အချို့က နာဂတို့သည် မူလအားဖြင့်အိန္ဒိယဘက်မှ ပြောင်းရွေ့လာကြသူများဖြစ်သည်ဟု မှားယွင်းစွာမှတ်ယူကြသူများလည်းရှိသည်။ နာဂလင်းဂ်ပြည်နယ်ရှိ နာဂလူမျိုးတို့၏ ရွေ့ပြောင်းမှုသမိုင်းများသည် ယနေ့ကဘော်ချိုမ့်ဝှမ်းအရပ်နှင့်ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင်သာမြစ်ဖျားခံကြသည်ကိုလည်းလေ့လာသိရှိရသည်။ မြောက်ပိုင်းနေနာဂလူမျိုးများသမိုင်းတွင် အိန္ဒိယဘက်မှ ၀င်ရောက်လာ သည်ဟူသော သမိုင်းများမရှိသည်ကိုသတိပြုမိပါသည်။ ပြန်လည်ဝင်ရောက် လာသောအုပ်စုဝင်များကို လေရှီးမြို့နယ်ရှိနာဂမျိုးနွယ်စုများနှင့် လဟယ်မြို့နယ်တွင်းရှိ မျိုးနွယ်စုအချို့တို့ တွင် တွေ့နိုင်သည်။ အချို့က ထမံသီအရပ်များတွင်အခြေချနေထိုင်ကြသည်။

သောင်သွတ်အရပ်မှ အနောက်ဘက်တောင်တန်းများသို့ထွက်ခွာသွားသူများနှင့်မလိုက်ဘဲ အုပ်စုအချို့က ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ဘက်သို့ထပ်မံဆန်တက်သွားကြပြီး ဇင်္ဂလိန်းအရပ်သို့ရောက်ရှိနေ ထိုင်ကြသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနာဂတောင်တန်းဒေသရှိ ထိုအရပ်ကိုနောင်အခါ ဇင်္ဂလိန်းခန္တီးမြို့ ဟုခေါ်တွင်သည်။ ဤအုပ်စုတို့နှင့်လိုက်ပါခြင်းမရှိဘဲ အချို့ကသောင်သွတ်အရပ်တွင်သာကျန်ရစ်နေထိုင် ခဲ့ကြသည်။   နောင်အခါတွင် အနောက်ဘက်မှထပ်မံပြောင်းရွေ့လာသော နာဂမိသားစုအချို့သည်လည်း  ဤအုပ်စုဝင်တို့နှင့် ထပ်မံပေါင်းစည်းနေထိုင်ကာ နောက်ပိုင်းပြောင်းရွေ့လာသူအခြားလူမျိုးစုများ အတွင်းရောနှောပျောက်ကွယ်သွားသည်ဟုယုံကြည်ရပါသည်။ ယခုအခါ ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မောင်းခမ်း၊ ကောယား၊ တဇုံးနှင့်အခြား ကျေးရွာအချို့တို့မှ ဒေသခံတို့က ဌင်းတို့သည် မူလအားဖြင့် အနောက်ဘက်တောင်တန်းများပေါ်မှ ဆင်းသက် လာကြသော နာဂလူမျိုးများဖြစ်ကြောင်းကို Upper Chindwin District, vol-A, pg.24 မှာ ဖော်ပြထားသည် ကိုမှတ်သားဖူးပါသည်။ သို့သော်၊ ယခုအခါနာဂ လူမျိုးများအဖြစ်ထိုအရပ်တွင်မတွေ့ရတော့ချေ။

သောင်သွတ်အရပ်မှ နာဂအုပ်စုများဒေသအသီးသီးသို့ရွေ့ပြောင်းရသည့်အကြောင်းအရင်းကို အတိအကျ မသိ ရှိရသော်လည်း၊ လူဦးရေနှင့်စိုက်ပျိုးမြေမလုံလောက်ခြင်းကြောင့်လည်းကောင်း၊ ဒေသအတွင်းမ တည်ငြိမ်မှုကြောင့်လည်းကောင်း၊ ဖြစ်နိုင်သည်ဟုခန့်မှန်းသည်။ မြောက်ပိုင်းနေတန်ရှန်းနာဂအနွယ်တို့၏ သမိုင်း၌မူ တောင်ပိုင်းအရပ်များမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ပြောင်းရွေ့ကြရခြင်းမှာ တောင်ပိုင်းဒေသများတွင် ရောဂါဘရပေါများခြင်း နှင့်ရာသီဥတုပူပြင်းလွန်းခြင်းတို့ကြောင့်ဖြစ်သည်ဟုဆို သည်။

နိုင်ငံသမိုင်းနှင့်သုသေတနစာစောင်၊ တွဲ-၃ တွင်ဖော်ပြထားသော မှတ်တမ်းများအရ၊ အေဒီ ၇၅၀ တွင် နန်ချောင် ဘုရင် ကိုလိုဖန်း (Ko.Lo.Fen) တပ်များ ဟူးကောင်းလွင်ပြင်ဒေသအားတိုက်ခိုက်ပြန်ရာ ဒေသခံနာဂလူမျိုးများ နှင့် မြောက်ပိုင်းချင်းအုပ်စုများအကြား အနောက်ဘက်ရှိ အာသံအရပ်သို့ ရွေ့ပြောင်း မှုများရှိခဲ့သည်ဟုယုံကြည် ရသည်။

Tuesday, January 25, 2011

ယဉ်ကျေးမှုနှင့်ဘာသာစကား


ဒီဘက်ခေတ်မှာတိုင်းရင်းသားဘာသာစကားတွေ၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်လာလေးတွေ တဖြည်းဖြည်းမှေးမိန်လာနေတာကိုတွေ့ရပါတယ်။ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်ခုရဲ့ အမှတ် သင်္ကေတ Identity ဖြစ်တာမို့ ခုလိုမှေးမိန်လာခြင်းဟာ လူမျိုးစုရှင်သန်မှုအားနည်း လာတာကိုပြနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားတွေထဲက ၁၄ ရက်ပြည့်တိုင်း (နှစ်ပတ်)ပြည့်တိုင်း ဘာသာစကားတစ်ခုဟာ အမြဲပျောက်ဆုံးနေတယ်လို့သုတေသီတွေရဲ့အစီရင်ခံစာအရသိရပါတယ်။ လူသားတွေရဲ့ရပ်တည်မှုနှင့် သဘာဝစနစ်ကြီးတစ်ခုလုံးကို အပြည့်အ၀နားမလည်နိုင်သေးခင်မှာ အကူအညီမဲ့နေတဲ့ယဉ်ကျေးမှုနှင့်ဘာ သာစကားတွေဆုံးရှံးပျောက်ကွယ်နေတာဟာ လူသားထုတစ်ရပ်လုံးအတွက်ဆုံးရှံးမှုတစ်ရပ်ပဲဖြစ်တာမို့ ၀မ်းနည်းစရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း နိုင်ငံတော်ဘာသာစကားကိုပြောနိုင်ရေးနိုင်ရင် တခြားစကားနှင့်စာပေ တွေပျောက်ဆုံးသွားလည်း ဘာဖြစ်လဲဆိုပြီးတိုင်းရင်းသားတွေရဲ့ဘာသာစကား နဲ့ပတ်သက်ပြီး လူတချို့ပြောတာကိုကြားဖူးပါတယ်။ ဒါကြောင့်၊ ဘာသာစကားတစ်ခုကိုထိန်းသိမ်းမှုဟာ ဘယ်လောက်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ရှင်းဖို့လိုလာပါပြီ။ ကမ္ဘာပေါ်ဘာသာစကားတစ်မျိုးတည်း ပြောရင်ကောင်း တယ်လို့ကျနော်မယုံကြည်ပါဘူး။ လောကဂေဟစနစ်နှင့် လူသားသမိုင်းကိုနားလည်နိုင် ဖို့ဆိုရင် မတူညီတဲ့စံနှုန်းတွေ၊ ရှုထောင့်တွေဘက်ကနေသုံးသပ်နိုင်မယ့် ကွဲပြားတဲ့တန်ဘိုးတွေရှိနေသင့် တယ် လို့ယုံကြည်လို့ပါ။

Identity
ဘာသာစကားဆိုတာ လူတစ်ဦးချင်းရဲ့စံနှုန်းတန်ဘိုးတွေကိုဖော်ပြတဲ့ ကိုယ်ပိုင် identity တစ်ခုဖြစ်ပါတယ်။ အသက်ရှင်ဖို့လေကို လူတိုင်းလိုအပ်သလို ယဉ်ကျေးမှုအသိုင်းအ၀ိုင်းတစ်ခုမှာရှင်သန်လိုသူတိုင်း ဘာသာစကား တစ်ခုလိုအပ်မှာပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုကိုထိန်းသိမ်းဖို့အားမပေးခြင်းဟာ အဲ့ဒီလူမျိုးစုရဲ့identity နှင့်တန်ဘိုးတွေကိုလျစ်လျူရှုလိုက်တာဖြစ်သလို ပျောက်ဆုံးအောင်တွန်းအားပေး လိုက်တာပဲဖြစ်ပါတယ်။

ယဉ်ကျေးမှု
ဘာသာစကားဆိုတာ ယဉ်ကျေးမှုကိုသယ်ဆောင်တဲ့ တစ်ခုတည်းသော တွန်းအားဖြစ်ပါတယ်။ ကာလဒေသ နဲ့လိုက်လျောညီထွေတဲ့ ယဉ်ကျေးမှုကို သူကပုံဖော်တယ်။ ဘာသာစကားမရှိသူဟာ ယဉ်ကျေးမှုမရှိနိုင်သလို ဘာသာစကားပျောက်ဆုံးခြင်းဟာ ယဉ်ကျေးမှုပျောက်ဆုံးခြင်းပဲဖြစ်တယ်။ ခေတ်ကာလအဆက်ဆက် နှင့်အစဉ် အလာတွေရဲ့ သမိုင်းတွေကိုသယ်ဆောင်သလို၊ ကဗျာ၊ သီချင်း၊ အကစတဲ့အနုပညာတွေကတဆင့် ဖော်ကျူးထိန်းသိမ်းလေ့ရှိတဲ့ လူ့ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ တစ်ချိန်က အင်အားကြီးမားခဲ့တဲ့ပျူလူမျိုးတွေရဲ့ဘာသာစကားပျောက်ဆုံးရာ ကနေ ပျူယဉ်ကျေးမှုပျောက်ပြီး လူမျိုးပါ ပျောက်သွားရတာကိုကြည့်ရင်ဘာသာစကားရဲ့အရေးပါပုံကို သိနိုင်မှာဖြစ်ပါတယ်။

တကယ်တော့ ဘာသာစကားဟာ လူသားတွေရဲ့ရင်းမြစ်မူလအစကိုရှာဖွေဖော်ထုတ်ရာမှာ အရေးပါတဲ့ဂဏ္ဍ တစ်ခုဖြစ်ပါတယ်။ ဘာသာဗေဒပညာရပ်နယ်ပယ်မှာ ဒေသဆိုင်ရာစကားတွေဟာလူသားများရဲ့ဆက်စပ်မှု သမိုင်းတွေကိုဖော်ထုတ်မှတ်တမ်းတင်ရာမှာ အရေးအပါဆုံးပါပဲ။ စိုထိုင်းစနည်းပါးတဲ့အပူပိုင်းဒေသတွေမှာလို သမိုင်းဆိုင်ရာအထောက်အထားတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့ခက်ခဲတဲ့ စိုစွတ်ပြီးမိုးများတဲ့အရပ်ဒေသတွေ မှာတော့ ဘာသာစကားသာလျှင်တစ်ခုတည်းသော ရှင်သန်သည့်အထောက်အထားအဖြစ်ကျန်ရှိတာ ဖြစ်ပါတယ်။

ဥာဏ် (Knowledge)
လူသားတွေရဲ့တိုးတက်မှုနှင့်အသိပညာအတတ်ပညာတွေအားလုံးရဲ့ပင်မဟာ ဘာသာစကားဖြစ်တယ်လို့ ပညာရှင်တွေအဆိုရှိဖူးပါတယ်။ ဒီနေ့သိပံ္ပပညာနှင့်ဝိဇ္ဇာအသိတွေအားလုံးဟာ ဘာသာစကားတတ်မြောက်မှု ကနေအခြေခံလာတယ်။ ကျနော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်လောကကမ္ဘာကိုလိုက်ပြီးဘာသာစကားတွေ ကွဲပြား ကြတာဟာ ဒေသတစ်ခုနဲ့တစ်ခုမတူညီတဲ့သဘာဝစနစ်တွေကြောင့်ဖြစ်သလို အဲ့ဒီဒေသစနစ်ဖြစ်စဉ်တွေကို ဒေသခံတွေရဲ့နားလည်ခံစားသိမြင်တဲ့ အသိတရား သို့မဟုတ် ဥာဏ်နှင့်ပေါင်းစပ်တဲ့အခါ ဒေသဆိုင်ရာ ဥာဏ် ပညာ သို့မဟုတ် အသိတရားတခုဖြစ်လာတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့သဘာဝစနစ်ကိုနားလည်အောင် ကြိုးစားရာမှာ မဖြစ်မနေထည့်သွင်းစဉ်းရမယ့် ဥာဏ်အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒေသအတွင်းက သစ်တောတစ်ခုမှာ ကြားရတဲ့ ငှက်အော်သံ ကိုအစွဲပြုပြီး အဲ့ဒီငှက်ကိုနာမည်ပေးသလို၊ အပင်တွေရဲ့အသုံးဝင်ပုံ တွေကိုလိုက်ပြီးလည်း အမျိုးအမည်တွေ ကွဲပြားကြပါတယ်။ ဒီအရာတွေကိုမတွေ့ရတော့တဲ့အခါ အဲ့ဒီသဘာဝ စနစ်တွေကိုနားလည်ဖို့ပိုခက်ခဲ လာပါတယ်။ ဒီနေ့ခေတ် ဆေးပညာသာမက အခြားသိပံ္ပနှင့် ၀ိဇ္ဇာအသိတွေ အတွက် ဒေသဥာဏ်သိရှိမှုက ဘယ်လောက်အရေးပါတယ်ဆိုတာကို ထောက်ပြချင်တာပါ။ သဘာဝတရား နှင့်ယှက်နွယ် နေတဲ့ဘာသာ စကားတွေဆုံးရှံးသွားခြင်းဟာ ဒေသတန်ဘိုးနှင့်သဘာဝဖြစ်စဉ်တွေရဲ့အရင်းအမြစ် တွေဆုံးရှံးခြင်း တစ်မျိုး ပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုမှာ အခြားဘာသာစကားတစ်ခုနှင့်ပြီးပြည့်စုံအောင် မဖော်ကြူးနိုင်တဲ့ လေးနက်ပြီးအဓိပ္ပယ်ပြည့်ဝတဲ့ အသုံးအနှုန်းတွေအမြဲရှိပါတယ်။

တရုတ်-တိဘက်စကားအုပ်စုအနွယ်ဝင်တွေဖြစ်ကြတဲ့အရှေ့အာရှစကားတွေထဲက တိဘက်-မြန်မာအနွယ် ၀င် တွေရဲ့စကားတော်တော်များများဟာ လေ့လာမှတ်တမ်းတင်မှုတွေမပြုရသေးတာကိုတွေ့ရသလို အချို့ ဆိုရင် ပျောက်ဆုံးစပြုနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်၊ မြန်မာနိုင်ငံမှာ သမိုင်းနှင့်ဘာသာဗေဒဆိုင်ရာ သုတေသနပျြုမှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းဖို့လိုအပ်တယ်လို့ယူဆပါတယ်။ မကြာသေးမီက ပြဌာန်း လိုက်တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီလိုလုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူမှုဥပဒေတစ်ရပ်အဖြစ် (ပုဒ်မ ၃၆၅၊ စာ-၁၅၂) ကိုထည့်သွင်းပြဌာန်းလိုက်ခြင်းအပေါ် ကြိုဆိုရမှာပဲဖြစ် ပါတယ်။

Friday, January 21, 2011

မိခင်များနေ့


မြန်မာနိုင်ငံမှာမိခင်များနေ့ကို ခရစ်ယာန်အသင်းတော်တွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကပင် မိခင် များနေ့ဝတ်ပြုကိုးကွယ်ခြင်းဆိုပြီးနှစ်စဉ် မေလရဲ့ ဒုတိယပတ်ဥပုဒ်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့ဟာ၊ အခြေခံအားဖြင့် အသင်းတော်တွင်းမှာရှိတဲ့ မိခင်တွေအားလုံးကို ဂုဏ်ပြုကျင်းပလေ့ရှိတာဖြစ်သလို၊ ဇွန်လ တတိယပတ်ဥပုဒ်နေ့ကိုတော့ ဖခင်များနေ့ဆိုပြီးသတ်မှတ်ထားကြပါတယ်။

ဒီတော့၊ မိခင်များနေ့ပေါ်ပေါက်လာရတဲ့သမိုင်းလေးကိုပြောဖို့လိုလာပါပြီ။ ဒီနေ့ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး၊ ကွဲပြားတဲ့ထင်မြင်ချက်တွေ ရှိကြပေမယ့်၊ ပထမဦးဆုံးသော မိခင်နေ့ကိုတော့ ဂရိနိုင်ငံမှာစ တင်ခဲ့ တာဖြစ်ပါတယ်။ ရှေးခေတ်ဂရိနတ်ဘုရား များရဲ့မိခင်ဖြစ်သူ ရေအာ (Rhea) ကိုဂုဏ်ပြုပူဇော် ဖို့ကျင်းပခဲ့ကြ တာဖြစ်ပါတယ်။ နောင်အခါ၊ အင်္ဂလန်နိုင်ငံမှာ ၁၇ ရာစုလောက်ကစပြီး မိခင်တွေကိုဂုဏ်ပြု တဲ့အနေနဲ့ မိခင်များနေ့ (သို့မဟုတ်) မိခင်များ ဥပုဒ်နေ့ ဆိုပြီးစတင်ကျင်းပလာခဲ့ ကြတယ်။

အမေရိကမှာတော့၊ ၁၈၇၇ ခုနှစ်မှာ Ms. Julia Ward Howe နှင့် Ms.Anna Jarvis ဆိုသူတို့က မိခင်များနေ့ ကျင်းပဖို့အကြံပြုခဲ့ကြပြီး၊ အမေရိကန်သမ္မWoodrow Wilson က ၁၉၁၄ ခုနှစ်မေလ ၈ရက်နေ့မှာ လက်မှတ်ထိုးအတည်ပြုပေးခဲ့ရာက နောင်မှာ မေလ ဒုတိယပတ်ဥပုဒ်နေ့ကို သတ်မှတ်ပြီး က၀န်း ကျင်းပလာခဲ့တာ ဒီနေ့ထိပဲဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အပြီး၊ ငြိမ်းချမ်းရေး ကိုအထိမ်းအမှတ် ပြုတဲ့အနေနဲ့ကျင်းပဖို့အကြံရခဲ့ရာကစတင်ခဲ့ တယ်လို့မှတ်သားဖူးပါတယ်။ ပထမဆုံး မိခင်များနေ့ဥပုဒ်နေ့ကို မီရှီဂန်က Albion အရပ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပဲစတင်ခဲ့သည်ဖြစ်စေ၊ မိခင်တွေဟာ ဂုဏ်ပြုထိုက်သူတွေ ဖြစ်တာမို့ မွန်မြတ်ယဉ်ကျေးတဲ့ လုပ်ဆောင်မှုတစ်ခုလို့ဆိုရမှာပါ။ မိမိတို့ရှင်သန်နေထိုင်တဲ့အသိုက်အမြှုံလေးမှာ ဘယ်လိုအခက် အခဲတွေ ရှိနေပါစေ..နွေးထွေးမှုပေးနိုင်တဲ့မေတ္တာရှင်တွေပဲ မဟုတ်ပါလား။ မြန်မာပြည်မှာတော့၊ စာရေးဆရာကြီး ဦးသုခက မိခင်များနေ့ကိုမိတ်ဆက်ရေးသားခဲ့ရာကနေ အသင်းတော်ပြင်ပ အသိုင်းဝိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်လူသိများလာရာက မကြာသေးမီနှစ်တွေကစပြီး အမေများနေ့ဆိုပြီး စတင်အသိ အမှတ် ပြုကျင်းပလာကြာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း၊ အသင်းတော်အတွင်းမှာကျင်းပတဲ့ ကာလနှင့် အသင်းတော်ပြင်ပအသိုင်းအ၀ိုင်းတွေ ကြား မှာကျင်းပတဲ့ ရက်ကာလတွေတော့ မတူကြတာတွေ့ရပါတယ်။ ခုလိုတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာတာကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။ နောင်အခါမှာ ဖခင်များနေ့ကိုပါ လူသိများလာပြီး ကျင်းပနိုင်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။

Sunday, January 16, 2011

လီဒိုလမ်းနှင့်သူတို့ဘဝ

ရှင်ဘွေယံ-နန်းယွန်း လီဒိုလမ်းပိုင်းတစ်နေရာ

ဒုတိယကမ္ဘာစစ်ကာလတွေဖြစ်တဲ့ ၁၉၃၀-၃၁ မှာ ဂျပန်က မန်ချူးရီးယားကိုဝင်သိမ်းပြီးတဲ့နောက် တရုတ်-ဂျပန် ဒုတိယစစ်ပွဲကြီးစတင်ခဲ့ပြီး၊ ၁၉၃၇ မှာတော့ စစ်ဟာပိုမိုအရှိန်မြှင့်လာခဲ့သလို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း တော်တော်များများကို ဂျပန်ကသိမ်းယူနိုင်ခဲ့တာကြောင့် တရုတ်တပ်မတော်အတွက် လိုအပ်နေတဲ့စစ် အထောက်အပံ့တွေကို ပေးပို့ရာမှာ အဟန့်အတားတွေဖြစ်နေခဲ့တယ်။ ဒါကြောင့်၊ ကူမင်းမြို့ကနေ လားရှိးမြို့ ကိုဆက်သွယ်တဲ့ရထားလမ်းတစ်ခုကို တရုတ်အလုပ်သမားတွေနှင့်စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၈ မှာအပြီး သတ်ခဲ့တယ်။ ဒီလမ်းကို ဗမာပြည်လမ်း (Burma Road) လို့ခေါ်တယ်။ လားရှိး-ရန်ကုန်ရထားလမ်းရှိနေ တာကြောင့်၊ ရန်ကုန်မှာရှိနေတဲ့စစ်အထောက်အပံ့တွေကို ပို့ဆောင်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း၊ ကံဆိုးချင်တော့ ၁၉၄၂ မှာ ဂျပန်က ဗမာပြည်ကိုဝင်သိမ်းလိုက်တဲ့အခါ ဒီဆက်သွယ်ရေး လမ်းမကြီးပါ ပိတ်ဆို့သွားပါတော့တယ်။ ဒါကြောင့်၊ တရုတ်တပ်တွေကိုထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားကြရာကနေ အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ကူမင်းကိုဆက်သွယ်နိုင်မယ့် လမ်းသစ်ဖောက်လုပ်ဖို့ကို အကြံ ပြုခဲ့ကြရာက လီဒိုလမ်းဆောက်လုပ်ရေးကြီးပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီချိန်မှာ အာရှပစိတ်ဖိတ်ဒေသရဲ့ အိန္ဒိယ-ဗမာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချူပ်ဖြစ်သူ အမေရိကန်စစ်ဗိုလ်ချူပ် ဂျိုးဇက်(W) စတီးလ်ဝဲလ် က ဒီလမ်းဆောက်လုပ်ရေးကိုကွပ်ကဲခဲ့ရတယ်။ ရန်ကုန်ကအထောက်အပံ့တွေရပ်ဆိုင်းသွားတာကြောင့်၊ အစီအစဉ် အရ အိန္ဒိယနိုင်ငံ ကချာဒေသနှင့်ဘုံဘေမှာရှိနေတဲ့ စစ်အထောက်အပံ့တွေကို ဒီလမ်းကနေ လားရှိုးကိုဖြတ်ပြီး နဂိုလမ်းဟောင်းအတိုင်းတင်ပို့ပေးနိုင်ဖို့ဖြစ်ပါတယ်။ နဂိုလမ်းမရှိရာ (ရှမ်းပြည်မှာရှိတဲ့)မုံယူလမ်းဆုံအထိ ၄၆၅ မိုင်ရှည်တဲ့လီဒိုလမ်းဆောက်လုပ်ရေးကို ၁၉၄၅ အစောပိုင်းမှာပြီးတယ်။ ဒီလမ်းပိုင်းကိုတော့ လီဒိုလမ်းမ ကြီးလို့ခေါ်ပါတယ်။

ကူမင်းကိုဆက်သွယ်တဲ့ မုံယူလမ်းပိုင်းကနေ မိုင်ပေါင်း ၆၀၀ ကျော်ခန့်ရှိတဲ့ ဗမာပြည်လမ်းပိုင်းကို စစ်ဘက် အင်ဂျင်နီယာတွေ၊ ဒေသခံတွေရဲ့လုပ်အားတွေနှင့် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြပြန်ပါတယ်။ ဒီလမ်းဆုံ ဖြစ်တဲ့ မုံယူကနေ ကူမင်းအထိဆက်သွယ်ထားတဲ့ဗမာပြည်လမ်းပိုင်းကို ဗိုလ်ချူပ်ကြီး စတီးဝဲလ်ကိုဂုဏ်ပြု တဲ့အနေနဲ့ စတီးဝဲလ်လမ်းမကြီးလို့အမည်ပေးခဲ့တယ်။ နောင်မှာတော့၊ လီဒိုကနေ-ကူမင်းအထိ မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးတစ်ခုလုံးကို စတီးဝဲလ်လမ်းမကြီးလို့လူသိများလာကြပါတယ်။

ဗမာပြည်လမ်းပိုင်းကိုတည်ဆောက်ကြစဉ်က
အဲ့ဒီစတီးဝဲလ်လမ်းမကြီးဟာ ဗမာပြည်အပိုင်းမှာ အနောက်မြောက်ပိုင်းက နာဂဒေသတွေဖြစ်တဲ့ ပန်ဆောင်မြို့၊ နန်းယွန်းမြို့နှင့်ရှင်ဘွေယံမြို့တွေကိုဖြတ်သွားပြီး၊ ကချင်ပြည်နယ်ထဲမှာတော့ တနိုင်းမြို့ကနေတဆင့် မြစ်ကြီးနား၊ စတဲ့မြို့ကြီးတွေကိုပါ ဖြတ်သွားပါတယ်။ ဟူးကောင်းလွင်ပြင်ဒေသရဲ့အလယ်ဗဟိုကနေဖြတ်သွား တဲ့လမ်းမကြီးပါ။ နောင်မှာ ဒီဒေသတွေရဲ့ဖွံ့ဖြိုးအရေးအတွက်အရေးပါတဲ့လမ်းမကြီးဖြစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးကတည်းက၊ နှစ်ပေါင်းခြောက်ဆယ်ကျော်အထိ မွမ်းမံမှုမရှိပဲ တိမ်ကောနေတဲ့ အဲ့ဒီလမ်းမကြီး ဟာ ခုတော့ အိန္ဒိယ-မြန်မာ-တရုတ်သုံးနိုင်ငံကိုဆက်သွယ်နိုင်မယ့် ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုအဖြစ် မကြာခင်မှာ ပေါ်လာတော့မှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှာရှိတဲ့ နန်ပေါင်မြို့မှာ ကျင်းပတဲ့ ၂၀၁၀ နာဂပွဲတော် တစ်ခုသွားတက်တုန်း၊ နယ်စပ်ကျောက်တိုင်နားအထိအိန္ဒိယအစိုးရဘက်က ကတ္တရာလမ်းခင်းထားတဲ့ပြုပြင်မှု တွေကိုတွေ့ခဲ့ရပါတယ်။

မြန်မာပြည်ဘက်လမ်းပိုင်းမှာတော့ မြစ်ကြီးနားကနေ တနိုင်းလောက်ထိသာ မြေသားညှိထားတဲ့ပြုပြင်မှုတွေကို တွေ့ရပြီး ဆက်လက်မွမ်းမံသွားမယ့်အနေအထားတွေလည်းတွေ့နေရပါတယ်။ ဒီလမ်းကိုပြုပြင်မွမ်းမံဖို့ ခုတော့ တရုတ်ကုမ္ပဏီတစ်ခုနှင့် ယုဇနကုမ္ပဏီတို့ကို အစိုးရက လုပ်ကိုင်ခွင့်တင်တာတွေချပေးလိုက်တာကြောင့် ဒီလမ်းဟာမကြာခင် ပြန်လည်အသက်ဝင်လာတော့မယ်လို့ယူဆရပါတယ်။ ဒီလမ်းပြန်လည်အသက်ဝင် လာခြင်းနဲ့အတူ ဒေသဖွံ့ဖြိုးရေးကိုပါအထောက်အကူပြုနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။ ဒါပေမယ့် လည်း၊ ရာစုနှစ်နှစ်ခုစာလောက်နောက်ကျကျန်နေသေးတဲ့ ဒေသခံနာဂလူမျိုးတွေနှင့် ကချင်လူမျိုးတွေအတွက် တော့ အဲ့ဒီလမ်းမကြီးကနေပေါ်ပေါက်လာမယ့် ဖွံ့ဖြိုးရေးဆိုတာကြီးကို စိန်ခေါ်မှုမျိုးစုံနှင့်ရင်ဆိုင်ကြရ အုံးမှာမို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ကာလတွေကိုဖြတ်ကျော်ကြရအုံးမှာအသေအချာပါပဲဗျာ။

Saturday, January 15, 2011

Lake of no Return


အိန္ဒိယနိုင်ငံအရူနာချာလ်ပရာဒေ့ရှ်ပြည်နယ်နှင့်မြန်မာနိုင်ငံအနောက်မြောက်ဘက်က နာဂတောင်တန်းရဲ့မြို့ပေါက်စလေးတစ်ခုဖြစ်တဲ့ ပန်ဆောင်ဆိုတဲ့ နယ်စပ်မြို့လေးမှာ ဒဏ္ဍာရီဆန်ဆန်သမိုင်းတွင်ထင်ရှားတဲ့ နောင်ရန်းအင်းဆိုတာရှိတယ်။ ဒဏ္ဍာရီအရတော့ အဲ့ဒီနောင်ရန်းအင်းအရပ်မှာတစ်ချိန်က ရွာတစ်ရွာရှိခဲ့ဖူးကြောင်း၊ ငါးဟင်းတစ်မျိုးကိုချက်ပြုတ်စားသောက်မိပြီးနောက်မှာ တစ်ရွာလုံးရေထဲမြှပ်သွားရာက အဖွားအိုနှင့်မြေးမလေးတို့သာလွှတ်မြောက်ခဲ့ကြပြီး၊ အဖွားအိုရဲ့ဝါးတောင်ဝှေးကို ကမ်းစပ်တစ်နေရာ ၀ါးဆစ်ပြောင်းပြန်ထိုးစိုက်ထားခဲ့ရာ ၀ါးပင်ပေါက်လာကာ ထိုဝါးဆစ်ပြောင်းပြန်ပါသော ၀ါးပင်များ နောင်ရန်းအရပ်တွင်ယနေ့တိုင်တွေ့ရကြောင်းဒေသခံတို့က ယုံကြည်ကြပါတယ်။

ဒီအင်းဟာနာဂတောင်တန်းမှာ အထင်ရှားဆုံးအင်းဖြစ်သလို၊ သမိုင်းဝင်လီဒိုလမ်းမကြီးအနီးမှာရှိတာကြောင့်လည်း သွားလာရလွယ်ကူပါတယ်။ အင်းရဲ့အကျယ်အ၀န်းက၊ အလျား၂ မိုင်နှင့်အနံတစ်မိုင်ပတ်လည်ခန့်ရှိမယ်ထင်ပါတယ်။ ချင်းပြည်က ရိရေကန်နှင့်ခပ်ဆင်ဆင်ဖြစ်ပေမယ့်၊ သူ့ထက်တော်တော်ကျယ်ပါတယ်။ အင်းပတ်လည်ဟာ လယ်မြေတွေဖြစ်နေပြီး ဒေသခံတွေရဲ့ ကျေးဇူးတော်ဆန်အိုးကြီးလည်းဖြစ်ပါတယ်။ ဒီအရပ်မှာ မိုးစပါးတစ်မျိုးတည်းစိုက်လို့ရတယ်လို့သိရပါတယ်။ လယ်မြေတွေဟာ ဒေသခံတွေစိုက်ပျိုးနိုင်တာထက်ပိုပြီးရှိနေပါတယ်။ မြေလွတ်မြေရိုင်းတွေပေါသလို ရွံ့နွံတောတွေထဲမှာလည်း တောဝင်တွေတော်တော်လေးပေါပါတယ်။

ဒေသခံတွေအဆိုအရ ဒီရေကန်ကြီးရဲ့အောက်ထဲမှာ ဒုတိယကမ္ဘာ္ဘစစ်ကြီးပြီးတော့ မဟာမိတ်တပ်တွေ တပ်ပြန်ဆုတ်တဲ့အခါ ဌင်းတို့ရဲ့လက်နက်ခဲယမ်းမီးကျောက်တွေအချို့ကို ဒီကန်ကြီးထဲပစ်ချနစ်မြှုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါကိုသိတဲ့ဒေသခံနာဂတွေအတွက်တော့ တူးလို့မကုန်တဲ့ရတနာသိုက်တစ်ခုပါပဲ။ အမဲလိုက်ရာမှာလိုအပ်နေတဲ့ယမ်းနှင့်ခဲတွေကို ဒီရေကန်ကြီးထဲကပဲ ဆယ်ယူသုံးစွဲကြတာ ဒီနေ့ထိပါ။ များသောအားဖြင့်တော့ လေယဉ်ပစ်အမြောက်ဆံတွေနှင့်ဗုံးလက်နက်မျိုးတွေဖြစ်ပါတယ်။ ရေမှော်ပင်နှင့်ရွံ့နွံထူထပ်တဲ့အဲ့ဒီကန်ကြီးထဲက လက်နက်ခဲယမ်းတွေဆယ်ယူတဲ့အလုပ်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီအရပ်မှာ ငါးမျိုးကွဲတွေရှိပေမယ့်၊ ကန်ထဲမှာတော့ ငါးတောက်(ငါးကျင်းနဲ့ဆင်တဲ့)ငါးတစ်မျိုးတည်းသာရှိတာတွေ့ရတယ်။ ဒီငါးကိုစားရင် တောက်ပါတယ်။ သို့ပေမယ့်၊ စားကောင်းတဲ့ ဒေသချက်နည်းလေးတော့ရှိပါတယ်။ ဒီကန်ကြီးရဲ့အရှေ့ဘက်တောင်တန်းကြီးပေါ်မှာတော့၊ သူ့ထက်နည်းနည်းငယ်တဲ့ နောင်ဆိုင်အင်းဆိုတာရှိပါတယ်။ ဒေသခံတွေအပြောအရ နတ်ကြီးတယ်လို့ဆိုပါတယ်။ နောင်ရမ်းအင်းနဲ့နောင်ဆိုင်အင်းတို့ရဲ့အအုပ်အစိုးနဂါးမင်းတွေဟာ မဟာမိတ်တွေဖြစ်ခဲ့ကြတယ်လို့လဲဆိုတယ်။ ကချင်ပြည်မှာရှိတဲ့ အင်းတော်ကြီးရဲ့နဂါးမင်းသမီးကိုနောင်ဆိုင်နဂါးမင်းကခိုးပြေးရာက စစ်ဖြစ်ခဲ့ပြီး နောင်ရန်းအင်းရဲ့စစ်ကူနဲ့အနိုင်ယူနိုင်ခဲ့လို့၊ နောင်ဆိုင်အင်းကို အဲ့ဒီတောင်ပေါ်မှာ ပုန်းခိုစေခဲ့တယ်။ ဒဏ္ဍာရီလာ ထိုစစ်ဖြစ်ရာအရပ်က ကျောက်ခံတပ်ကို လီဒိုလမ်းပေါ်မှာရှိတဲ့ လောက်လိုင်ရွာနှင့်နောင်ရန်းရွာကြားမှာ ဒီနေ့ထိတွေ့ရတယ်လို့ လဲဒေသခံတွေကပြောပါတယ်။ ခန္တီးမြို့အထက်မှာရှိတဲ့ ကျောက်ဆည်အရပ်ဟာ နောင်ဆိုင်နဂါးမင်းထွက်ပြေးစဉ်ကပိတ်ထားခဲ့တဲ့ပထမနေရာလို့အဆိုရှိပါတယ်။

နောင်ရန်းအင်းကို အိန္ဒိယဘက်မှာတော့ ပြန်လမ်းမရှိတဲ့အင်း (Lake of no Return) လို့လူသိများသလို အာသံလူမျိုးတွေရဲ့သမိုင်းကြောင်းနှင့်ပါဆက်စပ်နေတယ်လို့သိရပါတယ်။ ဒီလိုဆက်စပ်မှုရှိတာဟာ၊ ယခုအာသံပြည်ကိုထူထောင်ခဲ့ကြတဲ့ အဟုန်ရှမ်း(Tai Ahom) တွေ ၁၃ ရာစုမှာ ယခုတရုတ်ပြည်မှာရှိတဲ့ ရှမ်းနိုင်ငံတော် နန်ချောင်ကျဆုံးပြီးချိန်မှာ ရှမ်းအုပ်စုတစ်ခုမြန်မာပြည်မြောက်ပိုင်းဖြစ်တဲ့ နာဂဒေသအပါအ၀င် ဟူးကောင်းဒေသဘက်ကို ရွေ့ပြောင်းလာခဲ့စဉ်က သမိုင်းတွင်ခဲ့တာတွေဖြစ်နိုင်ပါတယ်။ မြောက်ပိုင်းဒေသမှာ ရှမ်းနာမည်ပါတဲ့ အရပ်တွေချောင်းတွေ တော်တော်များများရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ စီးပွားရေးရှုထောင့်ဘက်ကပြောရရင်တော့၊ ပန်ဆောင် ဒေသအတွင်းမှာရှိတဲ့သဘာဝတရားတွေအပါအ၀င်နာဂယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် သမိုင်းတွေဟာ ဒေသခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုပေးနိုင်မဲ့နေရာဆိုတာအသေအချာပါပဲ။ လက်ရှိအချိန်မှာတော့ နှစ်စဉ်ပွင့်လင်းရာသီတွေမှာ အိန္ဒိယနိုင်ငံသားတွေ လာရောက်လည်ပတ်တဲ့နေရာလေးတစ်ခုဖြစ်နေပါတယ်။ ပန်ဆောင်မြို့ရှိစားသောက်ဆိုင်တစ်ခုခုကနေ နေရောင်ကျနေတဲ့နောင်ရန်းအင်းကိုကျော်ဖြတ်ပြီးလှမ်းကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့အမြှင့်ဆုံးတောင်တစ်ခုဖြစ်တဲ့ ပတ်ကွိုင် (Mt.Pakai) တောင်ကြီးကို ခံ့ညားစွာနဲ့တွေ့ရမှာဖြစ်ပါတယ်။ နေလုံးကြီးပတ်ကွိုင်တောင်နောက်ရောက်သွားချိန်ဟာ ပန်ဆောင်တစ်မြို့လုံးအမှောင်ကျချိန်ပါပဲ။

သက်လူမျိုးတွေရှိပါတယ်


မြန်မာနိုင်ငံလို့ခေါ်တဲ့အရပ်က တိုင်းရင်းသားတွေကြားမှာ မတူတာတွေထဲကတူတာလေးတွေကို ပြောကြရမယ်ဆိုရင်၊ ဘာသာစကားကစပြောရမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းတွေရဲ့ ရိုးရာဓလေ့နှင့်ဘာသာစကားတွေဟာ တစ်ခုနှင့်တစ်ခုမတူညီကြသလို၊ ဆင်တူတာ လေးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ အံ့သြစရာတစ်ခုမဟုတ်တဲ့ ရိုးရှင်းတဲ့အချက်လေးတွေပါ။ ဥပမာအားဖြင့် တိဘက်-မြန်မာအနွယ်ဝင်တွေဖြစ်တဲ့ ချင်း၊ ကချင်၊ နာဂ၊ ဗမာ၊ ကရင်နှင့် အခြားကျန်ရှိတဲ့ မျိုးနွယ်စုတွေရဲ့စကားတွေမှာ တူညီတာလေးတွေအများကြီးရှိနေပါတယ်။ ဒါဟာ ဘာသာဗေဒဆက်စပ်မှုအရတည်ရှိနေတဲ့ဆက်နွယ်မှုတွေဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုအရဆင်တူမှုတွေကိုတော့ တောင်ပေါ်သား တွေဖြစ်တဲ့ ချင်း၊ နာဂနှင့် ကချင်တို့ကြားမှာ အတော်လေးဆင်တူတာတွေရှိနေပါတယ်။ ကရင်တွေနှင့်လည်းတူတာတွေရှိနေတာပါပဲ။ ဒါကလည်း၊ ပထ၀ီ အနေအထားနှင့်လူမှုရေးဆိုင်ရာပုံသွင်းမှုတွေ ကြောင့်ပေါ်ပေါက်လာတဲ့ တန်ဘိုးလေးတွေလို့ပြောရင် မမှားဘူးထင်ပါတယ်။ ဒီလိုဆင်တူမှုလေးတွေရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေအကြောင်းကိုလူသိများ ကြပေမယ့်၊ လူသိမများတဲ့ ရှေးအကျဆုံးတိုင်းရင်းသား လူမျိုးစုတစ်ခုစစ်ကိုင်းတိုင်းထဲမှာ ရှိနေတာကိုလေ့ လာသိရတဲ့အခါ အလွန်စိတ်ဝင်စားလာမိပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီလူမျိုးစုအကြောင်းကိုတစ်စိတ်တစ်ပိုင်း လောက်မိတ်ဆက်သဘောရေးဖို့ စိတ်ကူးလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ရှေးဦးနေထိုင်သူတွေထဲက သက်လူမျိုးတွေဆိုတာကို သတိရကြအုံးမယ်ထင်ပါတယ်။ ပျူ၊ သက်၊ ကမ်းယံဆိုပြီးသုံးမျိုးရှိတဲ့ထဲက သက်လူမျိုးတွေအကြောင်းကို လူတွေသိပ်မပြောကြတော့တာ ပျောက်သွား ပြီထင်လို့ဖြစ်နိုင်ပါရဲ့။ တကယ်တော့ သက်လူမျိုးဆိုပြီး ဒီနေ့ထိရှိနေတာ သမိုင်းစိတ်ဝင်စားသူတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။ သက်လူမျိုးဆိုတဲ့နာမည်နဲ့နေထိုင်ကြတဲ့သူတို့တွေကို အများအားဖြင့်တော့ ရခိုင်ပြည်မြောက်ပိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ ၁၀ရွာခန့်ရှိမယ့်သူတို့ရဲ့လူမှုအသိုင်းအ၀ိုင်းလေးဟာ ယခင် သက်လူမျိုးတို့ရဲ့အနွယ်တော်တွေဆိုတာသေချာပါတယ်။

သူတို့လိုပဲ နောက်ထပ်သက်အုပ်စုဝင်ဖြစ်တဲ့ ကတူး-ကနန်းဆိုတဲ့မျိုးနွယ်စုတစ်ကိုလည်း စစ်ကိုင်းတိုင်း ကသာခရိုင်ထဲက အင်းတော်နှင့်ဗန်းမောက်မြို့နယ်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ သမိုင်းနောက်ခံအားဖြင့် ဒီအရပ်ဟာ သူတို့နေထိုင်ရာအရပ်တွေဖြစ်ခဲ့သလို ဒီနေ့ထိအဲ့ဒီအရပ်မှာ အများဆုံးနေထိုင်သူဒေသခံ တွေဖြစ်ကြပါတယ်။ သူတို့တွေနှင့်ရောနှော နေထိုင်သူတွေ ကတော့ တိုင်းလုံ (တိုင်းလျှံ) ရှမ်းအနွယ်တွေဖြစ် တယ်။ တိုင်းလျှံကို အဲ့ဒီအရပ်မှာ ရှမ်းနီလို့သိကြတယ်။ ရှေးယခင်မြန်မာမင်းတွေလက်ထက်ကတည်းက တကောင်းမြို့တော်ကျပြီးနောက်ပိုင်းဒီအရပ်ဘက်ကိုပိုပြီးအားပြုနေထိုင်လာခဲ့ကြတဲ့လူမျိုးတွေဖြစ်ပါတယ်။ ၀တ်စားဆင်ယင်မှုဓလေ့နှင့်ဘာသာစကားအရသုံးသပ်ရရင် ရှေးကျတဲ့မြန်မာစကားဆန်ဆန်တွေကိုသုံးနှုန်း တာတွေ့ရသလို၊ ရှေးမြန်မာမင်းများလက်ထက်က ၀တ်စားဆင်ယင်မှုမျိုးတွေကိုလည်းတွေ့ရပါတယ်။ ထူးခြားတဲ့ ယဉ်ကျေးမှုလက္ခာတစ်ခုကတော့ ကလေးနှင့်လူငယ်တွေမှာတွေ့ရတဲ့ ဥဇံပုတ် ဆံပင်ဒီဇိုင်းပုံပဲဖြစ်ပါတယ်။ ဒီဆံပင်ဒီဇိုင်းကိုရှေးခေတ်ဗမာမိန်းခလေးတွေထားကြတာတွေ့ရပြီး အိုးမုတ်ခွက်ကေလို့လည်းခေါ်ကြတယ်ထင်ပါရဲ့။ အိုးမုတ်ခွက်ကေနဲ့သနပ်ခါးပါးကွက်ကြားဟာ ဗမာမိန်းခလေးတွေရဲ့ရိုးရာ အလှတင်္ကေတအဖြစ်ထင်ရှားပါတယ်။


သူတို့စကားအသုံးအနှုန်းချို့ဟာ တော်ဝန်အသုံးအနှုန်းဆန်နေတာတွေ့ရပါ တယ်။ ဗမာစကား (သူငယ်ချင်း) ဆိုတာကို ကတူးစကားနှင့် အဆွေ လို့ ခေါ်တယ်။ ကတူး-ကနန်းလူမျိုးတွေဟာ အစဉ်အလာအလာအားဖြင့် ယဉ်ကျေးမှုအဆင့်အတန်းမြှင့်မားခဲ့တဲ့လူမျိုးဆို တာထင်ရှားပါတယ်။ သူတို့စကားနဲ့ သူတို့လူမျိုးကို၊ အဆက်ဂ် (Asak) လို့ခေါ်ပြီး သူတို့စကားကိုတော့ အဆက်ဂ်တမီဆာ လို့ခေါ်တယ်။ အဆက်ဂ်ဆိုတဲ့ အသုံးအနှုန်းဟာ သမိုင်းမှာ သက်လူမျိုးကိုခေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ သူတို့ရဲ့အိမ်ဆောက်ပုံကတော့ ရှမ်းတွေနဲ့ အနည်းငယ်ဆင်နေပြန်ပါတယ်။ အချို့က ဌင်းတို့ကိုရှမ်းတွေလို့ယူဆပေမယ့် သူတို့ဟာ တိဘက် မြန်မာအုပ်စုဝင်ထဲက သီးသန့်သက်အုပ်စုတစ်သာဖြစ်ပြီး၊ အခြားအုပ်စုဝင်တွေဖြစ်တဲ့ ကချင်၊ နာဂနှင့် ဗမာ တို့ရဲ့စကားတွေနဲ့ပါ ဆက်နွယ်မှုရှိနေတာကို လေ့လာ တွေ့ရှိရပါတယ်။ တချိန်က (၁၃ ရာစုခန့်ဖြစ်မည် ထင်ပါသည်) မြန်မာပြည်အလယ်ပိုင်းမှာ ရှမ်းတွေအင် အားကြီးခဲ့တာကြောင့် ဒီလူမျိုးတွေအပေါ်မှာ ဘာသာစကားနှင့်ယဉ်ကျေးမှုလွှမ်းမိုးမှုတွေရှိ ကောင်းရှိခဲ့ နိုင်ပါတယ်။ ထိုခေတ် ရှမ်းယဉ်ကျေးမှုက ဒေသအတွင်းအခြားတိုင်းရင်းသားတွေအပေါ်လွှမ်းမိုးမှုကို သုတေသနပြုနိုင်လျှင်များစွာ အကျိုးရှိ မည်ထင်ပါသည်။

ကတူးနှင့်ကနန်းလူမျိုးဆိုတာ ရှေးယခင်မြန်မာမင်းတွေလက်ထက်ကတည်းက၊ မင်းမှုထမ်းခဲ့ကြတဲ့လူမျိုးများ ဖြစ်သလို ကြည်ဝန်အမတ်မင်းရဲ့ အသိအမှတ်ပြုမှုနောက်ပိုင်းကစပြီး ရွှေဝန်ရွှေမှူးတွေအဖြစ် သတိုးမင်းစောလက်ထက်မှာပင်မင်းမှုထမ်းခဲ့ကြသူတွေဖြစ်ပါတယ်။ ကတူးနှင့်ကနန်းဆိုတာ သမိုင်းနှင့်ရိုးရာအစဉ်အလာအားဖြင့်လည်းကောင်း ဘာသာစကားအားဖြင့်သော်လည်းကောင်း၊ အုပ်စုတူမျိုးနွယ်တူတွေဖြစ်ကြပါတယ်။ ဒီချိန်မှာ သူတို့ကို ကတူး-ကနန်းဆိုပြီးတွဲခေါ်လေ့ရှိကြသလို၊ အချို့က ထင်သာအောင် သီးခြားစီခွဲပြောတာလည်းရှိပါတယ်။ မျိုးနွယ်စုခွဲအားဖြင့်တော့ ကတူးမှာ သုံးမျိုးရှိပြီး၊ ကနန်းမှာတော့ ဒေသစကားသံကွဲပြားမှုကိုအခြေခံတဲ့အဓိကအုပ်စုနှစ်စုရှိပါတယ်။ ကတူးစကားအုပ်စု သုံးခုထဲက တစ်ခုဖြစ်တဲ့ (မော်တိတ်)စကားကတော့ တိမ်ကောလုမတတ်ဖြစ်နေပါပြီ။

ထူးဆန်းတာလေးက၊ ကချင်(ဂျိမ်းဖော)နှင့်နာဂမှာ ရိုးရာနှုတ်သမိုင်းအရပြောကြတဲ့ ညီအစ်ကိုနှစ်ယောက် ငှက်ပြောတောမှာလမ်းပျောက်ရာက ကွဲသွားကြပြီး ယခုပြန်ဆုံချိန်မှာ ညီအစ်တွေအဖြစ်အသိအမှတ်ပြုကြတဲ့ ဒဏ္ဍာရီကို ကတူး-ကနန်းတွေဆီမှာပါတွေ့ရလို့စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကတူး-ကနန်းလူမျိုးဆိုတာ မြန်မာပြည်ရောက်ရှေးအကျဆုံးနေထိုင်သူတွေဖြစ်ပေမယ့် လူသိနည်းပြီး သမိုင်းမှတ်တမ်းတွေသိပ်မရှိသေးတာကြောင့် လေ့လာဖို့ကောင်းတဲ့လူမျိုးတစ်ခုဖြစ်လို့ သူတို့အကြောင်းကို အကျဉ်းလောက်တင်ပြလိုက်တာဖြစ်ပါတယ်။

သွားလေရော့ လဟယ်


လောလောဆယ် နာဂနှစ်သစ်ကူးကို နာဂတောင်တန်းက လဟယ်မြို့လေးမှာကျင်းပနေတာဆိုတော့ လဟယ်မြို့လေးရဲ့အကြောင်း ကျနော့်အတွေ့အကြုံလေးနဲ့ နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ အရင်ကလဟယ်မြို့နှင့်ပတ်သက်ပြီးဝန်ထမ်းတွေကြားမှာ ပြောစမတ်ရှိတဲ့စကားလေးတစ်ခုက သွားလေရော့လဟယ် ပါတဲ့ဗျာ။ ဒီစကားလေးက၊ တော်လှန်ရေးကောင်စီနောက်ပိုင်း၊ မဆလနှင့် ဒီဘက် စစ်အစိုးရခေတ်အစောပိုင်းကာလတွေအထိ ၀န်ထမ်းတွေကြားမှာ တော်တော်လေးပေါ်ပြူလာဖြစ်ခဲ့တဲ့အသုံးအနှုန်းလေးပါ။ ဗမာစကားမှာ မဲဇာပို့ခံရတယ်ဆိုသလိုမျိုးပေါ့ဗျာ။ မြ၀တီမင်းကြီးဦးစ မဲဇာတောမှာ နယ်နှင်ဒဏ်သင့်တုန်း နေပြည်တော်ကိုလွှမ်းတသသဖြစ်ရသလို၊ အောက်ပိုင်းသားတွေ နာဂတောင်တန်းမှာ တာဝန်ကျတဲ့အခါ ငြီးတွားလေ့ရှိရာကနေပေါ်ပေါက်လာတဲ့ ဟာသသံနှောတဲ့အသုံးအနှုန်း အသစ်လေးတစ်ခုပေါ့။ ဒီအရပ်ကိုတာဝန်ကျတဲ့ဝန်ထမ်းတွေကိုအားပေး တဲ့စကားလေးကလည်းရှိလာသကိုးဗျ၊ စိတ်မပူပါနဲ့ လဟယ်သွားရင် တက်လမ်းရှိသတဲ့ ။ အဲ့ဒီတက်လည်းဆိုတာ၊ ရာထူးကိုပြောတာကိုမဟုတ်ပဲ ခန္တီ္တ္တး-လဟယ်လမ်းလယ်ခေါင်မှာရှိတဲ့ လဟယ်ဂုဏ်ဆောင် ထိန်ညိုတောင်ကြီးကိုတက်ရတဲ့ တောင်တက်ခရီးကြီးကိုပြောတာပါ။

ဒါပေမယ့်လည်း၊ အရာတွေက တော်တော်လေးပြောင်းလဲသွားခဲ့ပါပြီ။ ရက်အတန်ကြာ ခြေလျင်ခရီးနှင်ခဲ့ကြရတဲ့အဲ့ဒီလမ်းခရီးဟာ ခုတော့ ဈေးပေါပေါ တရုတ်ဆိုင်ကယ်တွေရဲ့ဆူဆူညံညံသံတွေနှင့်အတူ ဖုံတစ်ချီဗွက်တစ်လှည့် ဆယ့်နှစ်ရာသီလုံး အချိန်တိုတိုအတွင်းအရောက်သွားနိုင်တဲ့ လမ်းခရီးဖြစ်နေပါပကောလား။ ကျနော်လဟယ်ကိုနောက်ဆုံးတစ်ခေါက်ရောက်ခဲ့တာ လွန်ခဲ့တဲ့၂ နှစ်က မိုးကုန်ဆောင်းကူးကာလအတွင်းမှာဆိုတော့ နာဂတောင်တန်းမှာ မနက်နှင့်ညဘက်တွေဆို မြူနှင်းတွေကျလိုက်ပုံများ မိုးရွာသယောင်ဖြစ်နေတတ်ပြီး အေးလိုက်လေခြင်း။ မြူတွေထူလိုက်ပုံများ ၁၀ ပေအကွာမှာရှိတဲ့သူ ဘယ်သူဆိုတာတော်ရုံမသိနိုင်ဘူး။ အမျိုးစုံလိုက်တဲ့သစ်ခွပန်းတွေ မိုးလောက်မြှင့်တဲ့သစ်ပင်ကြီးတွေပေါ်မှာ သဘာဝ အတိုင်းပွင့်နေလိုက်တာများ ရန်ကုန်မြို့ကန်တော်ကြီးက သဘာဝသစ်ခွဥယျဉ် ဘယ်ယှဉ်နိုင်ပါ့မလဲ။ တောတောင်နှင့်ပန်းရနှံ့တွေ ကိုအားပါးတရ ရူရှိုက်ပြီး ကျေးငှက်သံတွေကိုကြားလိုက်ရတာ သဘာဝကိုကြိုက်တဲ့ကျနော့်အတွက်စိတ်ထွက်ပေါက် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီတောင်ကြီးပေါ်ကနေ အရှေ့ဘက်ကို လှမ်းကြည့်လိုက်ရင် နာဂတို့ရဲ့နှုတ်သမိုင်းပါ ဇင်္ဂလိန်းမြို့တော်ခေါ် တချိန်ကကျောက်စိမ်းမြို့တော် ခန္တီ္တ္တးမြို့ကို သလ္လာဝတီခေါ် ငွေရောင်ချင်းတွင်းမြစ်ကြီးရဲ့အနောက်ဘက် ကမ်းပေါ်မှာလှပစွာ ရှိနေတာကိုတွေ့ရမှာပါ။

လဟယ်မြို့ဟာ၊ တောင်တန်းကြီးတစ်ခုပေါ်မှာတည်ရှိနေပြီး မြေပြန့်လွင်ပြင်ဆိုလို့တော်တော်ရှားပါတယ်။ လဟယ်မြို့ရဲ့သဘာဝလက်ဆောင်လေး တစ်ခုက စိမ့်ရေပေါက်တွေအများအပြားရှိနေခြင်းပါ။ တောင်တန်းကြီးတစ်ခုလုံးနေရာအနှံ့ရှိနေတာဖြစ်လို့ အသေးစားမိသားစုသုံး ရေအားလျှပ်စစ်ထုတ် လုပ်ရေးအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ အစားအစာမှာအပေါဆုံးကတော့ (ကျနော်ရောက်တဲ့ချိန်) ဂေါ်ရခါးသီးတွေပါ။ ပြုစုစရာမလိုပေမယ့်၊ စားမကုန်နိုင်အောင်မတရားများတာမို့ ဂေါ်ရခါးသီးဆိုတာ ဟင်းစားလို့တောင် စာရင်းထဲသိပ် မ၀င်ချင်သလိုပဲ။ အများစုက ၀က်စာလုပ်တာတွေ့ရတော့၊ ဒါတွေကိုတခြားမြို့တွေဆီ တင်ပို့နိုင်ရင် ဒေသခံတွေဝင်ငွေတိုးမှာပဲလို့တွေးမိတယ်။ ကန်ဇင်းသီးနှင့်ငရုတ်သီးတွေလည်းတော်တော်လေးထွက်ပါတယ်။ ထူးဆန်းတာလေးက အသားငါးရှားလိုက်ပုံများ ရွှေရှာရင်ဖြင့် ရလွယ်အုံးမယ်ထင်တယ်။

လဟယ်မြို့မှာ၊ အဓိကနေထိုင်တဲ့မျိုးနွယ်စုတွေက၊ မကျန်၊ ဂုန်ဝမ် (မန်နောက်)၊ ပုံညို (ဆော်လော်)၊ တန်ရှန်း နှင့် လိုင်းနောင်နာဂတို့ဖြစ်ပြီး၊ လိုင်းနောင်အုပ်စုကတော့ လူဦးရေအများဆုံးဖြစ်ပါတယ်။ လိုင်းနောင်စကားဟာဒီအရပ်ကနာဂတွေကြားမှာ အများနားလည်တဲ့စကားဖြစ်ပြီး၊ ဗမာစကားကတော့ရုံးသုံးကျောင်းသုံးစကားဖြစ်ပါတယ်။

လဟယ်မြို့ရဲ့အရှေ့ဘက် မိုင်အနည်းငယ်အကွာမှာ လဟယ်ဖူဂျီတောင် လို့တင်စားခေါ်တဲ့ ဂျပန်တောင်ဆိုတာရှိတယ်။ ဂျပန်ပြည်က ဖူဂျီမီးညိမ်းတောင်နှင့်ဆင်တာမို့ခေါ်ကြတာပါ။ ပြီးတော့၊ တောင်ဘက်မှာတော့ မာလာတောင်ဆိုတာရှိတယ်။ ဘာကြောင့်မာလာတောင် လို့ခေါ်တယ်ဆိုတာတော့ မသိဘူးဗျ။ အဲ့ဒီတောင်ပုံက အသဲပုံဆန်ဆန်လေးဖြစ်နေပြီးတောင်နှစ်လုံးကွဲနေပြန်တော့ ရင်ကွဲတောင်လို့ လဲအချို့ခေါ်ပါတယ်။ လဟယ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဒေသခံ နာဂညီအစ်ကိုတွေရဲ့ လူနေမှုဘ၀နှင့်ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာလေးတွေဟာ မပျောက်မပျက်ရှိနေသေးတာမို့ လေ့လာသုတေသနပြုသူတွေကိုဆွဲဆောင်မှုပေးမှာသေချာပါတယ်။ နာဂတစ်မျိုးသားလုံးဟာ အခြေခံအားဖြင့် ရိုးရာအစဉ်အလာတွေတူညီကြတယ်ဆိုပေမယ့်၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို-မျိုးနွယ်စုတစ်ခုနှင့်တစ်ခု ကွဲပြားတာလေးတွေလည်း အများကြီးရှိနေတယ်ဆိုတာ ရှာဖွေလေတွေ့ရှိလေပေါ့ဗျာ။ ရိုးရာဆိုလို့ ဒီအရပ်ရဲ့ထူးခြားချက်လေးတစ်ခုက၊ နာဂအမျိုးသားတင်္ကေသဖြစ်တဲ့ အောင်လှံ (အောင်းလှံ) နှင့်ရိုးရာဦးထုပ်တွေကို ဒီအရပ်ကအများဆုံးထုတ်တာဖြစ်ပါတယ်။ မကြာသေး ခင်နှစ်တွေကစပြီး၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ မကြာခဏဆိုသလို အလှည့်ကျကျင်းပလာတာကြောင့်၊ ဒီဒေသဟာ အရင်ကလို သွားလေရော့လဟယ်ဆိုတဲ့ မဲဇာအရပ် မဟုတ်တော့ဘူးလို့ယူဆနိုင်မယ်ထင်ပါတယ်။